ရက် ၁၀၀ စီမံချက် ပြည်သူသိရှိမှု အားနည်းသည့်အတွက် အစိုးရက အားထုတ်ဖြေရှင်းရန် ကုလကိုယ်စားလှယ် တိုက်တွန်း

ရက် ၁၀၀ စီမံချက် ပြည်သူသိရှိမှု အားနည်းသည့်အတွက် အစိုးရက အားထုတ်ဖြေရှင်းရန် ကုလကိုယ်စားလှယ် တိုက်တွန်း
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊ ဇူလိုင် ၂ ။             ။ ပြည်ထောင်စုဝန်ကြီးများ၏ ရက် ၁၀၀ စီမံချက်ကို ပြည်သူလူထု သိရှိမှု အားနည်းနေသည့်အတွက် အစိုးရအနေဖြင့် လို အပ်ချက်များကို အားထုတ်ဖြေရှင်းသွားသင့်ကြောင်း  ကုလသမဂ္ဂသို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီးလီက ပြောကြားသွားသည်။

၁၂ရက်ကြာသူမ၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်  ပြည်တွင်း ပြည်ပ သတင်းထောက် များကို ဖိတ်ခေါ်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မစ္စ ရန်ဟီးလီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တစ်ပြိုင်တည်းမှာ ပြောလိုတာ ရက် ၁၀၀ စီမံကိန်း တော်တော်များများကို ပြည်သူလူထု သိရှိမှု ကောင်းကောင်း မရှိ တာကို မှတ်ချက်ပေးလိုပါတယ်။ ပြည်သူတို့ရဲ့ အကြံပြုမှုတွေ၊ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ၊ အထူးသဖြင့် လူမှုအဖွဲ့ အစည်းတွေရဲ့ ပါဝင်မှုက နည်းလွန်းပါတယ်။ ဒီလို လိုအပ်ချက်ဟာကွက်တွေကို အစိုးရသစ်အနေနဲ့ ပိုမိုအား ထုတ်ဖြေ ရှင်းသွားရမှာဖြစ်ပါတယ်" ဟု သူမက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ သူမ၏ နောက်ဆုံးအစီရင်ခံစာတင်သွင်းသည့်အခါတွင်လည်း  ပြည်ထောင်စု ဝန်ကြီးများ၏ ရက် ၁၀၀ စီမံကိန်းများကို ဝမ်းမြောက်ကြောင်း မှတ်ချက်ပြု ထည့်သွင်း ဖော်ပြသွားမှာဖြစ်ပြီး ရက် ၁၀၀ စီမံကိန်းများအတွက် အားပေးမြှင့်တင်သွားမည်ဟုလည်း ကတိပြု ပြောကြားသွားသည်။

မစ္စရန်ဟီးလီသည် သူမ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြား အရေးကြီး ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပြီး ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့ သို့လည်း သွားရောက်ကာ လူ့အခွင့်ရေး ချိုး ဖောက်မှုအခြေနေများကို လေ့လာခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် လူ့အခွင့်အရေးစိုးရိမ်ပူပန်မှုများအကြောင်းကို ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး ရှိနေဆဲ စိန်ခေါ်မှုများအရေးကိုလည်း မသိုမဝှက် အကဲဖြတ်ခဲ့ကြောင်း ပြောသည်။

လက်ရှိအစိုးရသစ်နှင့် ယခင် စစ်အုပ်ချုပ်ရေး ဗျူရိုကရေစီယန္တရားကြားတွင် တင်းမာမငများရှိနေသည်ကို တွေ့ရှိရ ကြောင်းလည်း သူမက ပြောကြားခဲ့သည်။

"အရပ်သား အစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ ယခင်စစ်အုပ်ချုပ်ရေးအမွေ ဗျူရိုကရေစီယန္တရားကြားမှာ အမှန် တကယ် တင်း မာမှုများ ရှိနေတာကို သတိပြုမိတယ်။ ဒီအတွက် မူဝါဒပိုင်းနဲ့ ချဉ်းကပ်မှုပိုင်းမှာ မကြာခဏ နှစ်ဖက်ခွ လမ်း ကြောင်းလို ထွေပြားမှုဖြစ်ရတာကို ကျွန်မ အကဲခတ်မိတယ်။ ဒါအပြင် ဒီမိုကရေစီ အုတ်မြစ်ချရာမှ ဒီမိုကရေစီနည်း ကျအုပ်ချုပ်ရေး ဖြစ်ထွန်းအားကောင်းဖို့ ကြိုးစားနေမှုတွေမှာလည်း စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာ တွေ့ရပါတယ်။ ဒီလို စိန်ခေါ်မှု တွေ ကြောင့် ဒီမိုကရေစီအလေ့အကျင့်ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှုတွေအတွက် အဟန့်အတား  ဖြစ်နေရတယ်"ဟု ၎င်းက ပြောသည်။

သူမအနေဖြင့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ရုံးသို့သွားရောက်ကာ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ကော်မရှင်၏ အခန်းကဏ္ဍကို အပြည့်အဝ ပုံဖော်နိုင်အောင်၊ လူ့အခွင့်အရေးအတွက် လွတ်လပ်စွာရပ်တည်မှုလိုက်ပေးနိုင်အောင် တွန်းအားပေးခဲ့ ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်အနေဖြင့်  လက်ခံကြိုဆိုချင်စရာ လုပ်ဆောင်မှုများစွာကို တွေ့မြင်ရသည့်တိုင် အစိုးရနှင့် ငြိစွန်းနိုင်သည့် အရေးကိစ္စများတွင်  အစွန်းကင်းပြီး ဓမ္မဓိဌာန်ကျသည့် လူ့အခွင့်အရေးအသံတွေ များစွာလိုအပ်နေသည်ဟု မစ္စရန် က ပြောကြားသွားခဲ့သည်။

ယခုတစ်ကြိမ် ခရီးစဉ်သည် မစ္စရန်ဟီးလီ၏ (၄)ကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်အတွင်း လေ့ လာတွေ့ရှိမှုများကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေ ထွေညီလာခံသို့ အစီရင်ခံစာ အပြည့် အ စုံတင်သွင်းသွား မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly