ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏ အထူးကိုယ်စားလှယ် နိုင်ငံခြားဝန်ကြီးဌာနမှ အတွင်းဝန် အမ်ရှာဟီဒူလ် ဟာကွီသည် ဇွန်လ ၂၉ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဘက်အပြန်အလှန်အကျိုးဖြစ်ထွန်းနိုင်မည့် ကိစ္စရပ်များတွင် ပူးပေါင်းလုပ်ဆောင်နိုင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ရေးတို့အတွက် ရည်ရွယ်ကာ ဘင်္ဂလားဒေ့ရှ်အစိုးရက အထူးသံတမန်တစ်ဦးကို စေလွှတ်လိုက်ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် အမ်ရှာဟီဒူလ် ဟာကွီသည် မြန်မာနိုင်ငံသို့ ငါးရက်တာအလည်အပတ်ခရီးရောက်ရှိလာခဲ့ခြင်းဖြစ်ကာ နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာရေး နည်းလမ်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။
အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပါးလိုက်သော အမှာစာလွှာကိုလည်း အမ်ရှာဟီဒူလ်က သယ်ဆောင်လာပေးမည်ဖြစ်ကြောင်း ဒါကာမြို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယခု ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ပိုမိုနီးနီးကပ်ကပ် ဆက်ဆံနိုင်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။