ဘရာဇီး နိုင်ငံတွင် ပြုလုပ်လျက်ရှိသော အိုလံပစ် မီးရှုးတိုင် လက်ဆင့်ကမ်းသယ်ဆောင်မှုအစီအစဉ်တွင် ဇွန်လ ၂၇ ရက်က မီးရှုးတိုင်မီးကို အမျိုးသားတစ်ဦးက ရေပုံးတစ်ပုံးဖြင့် ပက်ရန် ကြိုးပမ်းခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသက် ၂၇ နှစ်ရှိ မာစီလီနို မာတက်စ် ဆေးလ်ဗား ဆိုသူ အမျိုးသားသည် ရေပုံးကိုင်ကာ ရီယို အိုလံပစ် မီးရှုးတိုင်ကို ငြိမ်းရန် ကြိုးပမ်းခဲ့သော်လည်း လွဲချော်သွားခဲ့ပြီး အပြေးသမားများနှင့် လုံခြုံရေး ဝန်ထမ်းများကိုသာ တိုက်မိခဲ့ကြောင်း ရဲများက ပြောသည်။ အဆိုပါ မီးရှုးတိုင်ကို Maracaju မြို့ကို ဖြတ်သန်းသယ်ဆောင်နေခဲ့ခြင်းဖြစ်သည်။
ရီယို အိုလံပစ် မီးရှုးတိုင်က နိုင်ငံတွင်း မြို့ပေါင်း ၃၀၀ ကို ဖြတ်ကာ မိုင်ပေါင်း ၂,၄၀၀ ကို ဖြတ်သန်းသယ်ဆောင်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် အားကစားပွဲကျင်းပမည့် ရီယိုဒီ ဂျနေးရိုးသို့ ရောက်ရှိမည်ဖြစ်သည်။
ယင်း မီးရှုးတိုင်လက်ဆင့်ကမ်းသယ်ဆောင်မှုအစီအစဉ်တွင် ယခင်သီတင်းပတ်ကလည်း အစီအစဉ်တွင် ထည့်သွင်းအသုံးပြုသည့် ကျားသစ်မတော်တဆ လွတ်သွားမှုကြောင့် ပစ်သတ်လိုက်ရသည့် ဖြစ်စဉ်လည်းဖြစ်ပွားထားခဲ့သေးသည်။
ယခုကိစ္စရပ်တွင် မီးရှုးတိုင်ကို ရေဖြင့်ပက်ရန် ကြိုးပမ်းခဲ့သူ အမျိုးသားကို လက်တစ်လောတွင် ဒဏ်ငွေ ၂၉၅ ဒေါ်လာ ပေးဆောင်စေကာ အာမခံဖြင့်လွှတ်ပေးထားကြောင်း ရဲများက ပြောသည်။ သို့သော် ယခုဖြစ်စဉ်တွင် အစိုးရက စစ်ဆေးဆုံးဖြတ်ခဲ့ပါက ၎င်းအနေဖြင့် အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံး သုံးနှစ်အထိ ကျခံသွားရနိုင်သည်ဟု သိရသည်။