ဇွန် ၂၄ ။ ။ ကိုလံဘီယာနိုင်ငံတွင် အစိုးရနှင့် Farc သူပုန်အုပ်စုတို့အကြား အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေး ညှိနှိုင်းဆွေးနွေးမှုများအောင်မြင်ခဲ့ခြင်းကြောင့် နှစ် ၅၀ ကြာ ပြည်တွင်းစစ်ကို ရပ်တန့်နိုင်ခဲ့သည့် အထိမ်းအမှတ် အောင်ပွဲခံအခမ်းအနားများကို ပြုလုပ်နေလျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။
မြို့တော် ဘိုဂိုတာတွင် ပြည်သူများမှာ လမ်းမများပေါ်သို့ ပေါ်ထွက်လာကြပြီး တစ်ဦးနှင့် တစ်ဦး ပွေ့ဖက်ခြင်း၊ နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုခြင်းတို့ ရှိခဲ့သည်။
အစိုးရနှင့် သူပုန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အောင်မြင်ခဲ့ပြီးနောက် အလုံးစုံ အပစ်ရပ်ရေးစာချုပ်ကို လာမည့်သီတင်းပတ်များအတွင်းလက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ရသည်။
ယင်းနိုင်ငံတွင် နှစ်ကာလပေါင်းများစွာကြာ ရှည်ကြာနေခဲ့သည့် ပြည်တွင်းစစ်ပွဲများကြောင့် လူပေါင်း ၂၂၀,၀၀၀ သေဆုံးခဲ့ရကာ အခြား ပြည်သူသန်းပေါင်းများစွာ နေအိမ်များကို စွန့်ခွာထွက်ပြေးထားခဲ့ကြရသည်။
နှစ်ဘက်အကြား အပစ်ခတ်ရပ်စဲရေး စာချုပ်ကို လာမည့် ဇူလိုင်လမတိုင်ခင် လက်မှတ်ရေးထိုးနိုင်တော့မည်ဟု ယုံကြည်ထားကြောင်းလည်း ကိုလံဘီယာ သမ္မတ ဂျူအန် မန်နျူရယ် ဆန်တို့စ်က ပြောကြားသွားခဲ့သည်။