ဇွန် ၂၂ ၊ ရန်ကုန်။ ။ လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ရလဒ်များဆိုးရွားနေသည့်အတွက် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ပြီး နည်းပြသစ် ဦးမျိုးမင်းထွန်းက ပရိသတ်တွေအနေဖြင့် မိမိအပေါ်အရမ်းမျော်လင့်မထားပဲ အချိန်အတိုင်းအတာတစ်ခု စောင့်ကြည့်ပေးစေချင်သည်ဟု တောင်းဆိုလိုက်သည်။
နည်းပြသစ် ဦးမျိုးမင်းထွန်းသည် မြန်မာနေရှင်နယ်လိဂ် စတင်ဖွဲ့စည်းကတည်းက ရန်ကုန်ယူနိုက်တက်အသင်းတွင် ပါဝင်ကစားခဲ့ပြီး၂၀၁၃ ခုနှစ်ဘောလုံးရာသီ အပြီးတွင် ကစားသမား အဖြစ်မှ အနားယူကာ နည်းပြ လောကကို စတင်ဝင်ရောက်ခဲ့သည်။ ယခင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြဟောင်းများဖြစ်ကြသော အဲရစ်ဝီလျံ၊ ဂျက်ဆစ်၊ အီမာဆင်၊ မာယန် တို့နှင့် တွဲ၍ နည်းပြအဖွဲ့တွင် ပါဝင် လုပ်ကိုင်ခဲ့ဖူးသည့် နည်းပြတစ်ဦးဖြစ်သည်။
“ တစ်ခုတော့ တောင်းဆိုချင်ပါတယ်။ အများကြီးတော့ ကျွန်တော့်အပေါ် မျော်လင့်မထားစေချင်ဘူး။ အခုလက်ရှိအသင်းက ကစားသမားတွေရဲ့ စွမ်းဆောင်မှု၊ စည်းလုံးမှု အားလုံးကို ကျွန်တော် တစ်က ပြန်စပြီး ပြင်ဆင်ရမှာပါ။ အဲဒီ့အတွက် လုံလောက်တဲ့ အချိန်တစ်ခုပေးဖို့ လိုပါတယ်။ ကစားသမားဘဝမှာလည်း ရန်ကုန်အသင်းမှာ ကစားခဲ့တယ်။ အခုလည်း အသင်းမှာ နည်းပြအဖြစ် ပြန်လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အသင်းပရိသတ်တွေအတွက်လည်း ပျော်ရွှင်အောင် ကြိုးစားသွားပါ့မယ် ” ဟု ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ် ၂၀၁၆ ဘောလုံးရာသီအစတွင် အီမာဆင်အား လမ်းခွဲခဲ့ပြီးနောက် ယခုတစ်ဖန် မာယန်အား အိမ်ကွင်းနှစ်ပွဲဆက်ရှုံးနိမ့်မှုနှင့်အတူ ရလဒ်များဆိုးရွားနေသည့် အတွက် ဒုတိယအကြိမ်မြောက် အသင်းနှင့်လမ်းခွဲခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်အသင်းသည် လက်ရှိတွင် ရမှတ် ၂၂ မှတ် ဖြင့် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နေသော်လည်း ဇယားထိပ်မှ ရတနာပုံအသင်းနှင့် ၁၆ မှတ်အထိ ကွာဟလျက်ရှိသည်။