ဟင်္သာတ၊ ဇွန် ၂၁ ။ ။ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သော ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၏ ဆင့်ခေါ်စာမှာ ဆယ်အိမ်စုမှူးထံမှ တစ်ဆင့် ယူဆောင်သွားသော သူမှ ဖြည့်စွက်ထားခြင်းသာဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။
စစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမှ ရေပိုစုကျေးရွာရှိ ဒေါ်ခင်မာဝေအား မေလ ၂၄ရက် နံနက် ၁၁နာရီတွင် လာရောက်တွေ့ဆုံရန် မေလ ၂၁ရက်က စာထုတ်အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး စာပို့ဆောင်ပေးသော ဆယ်အိမ်စုမှူးထံမှ ကိုကြည်သန်းဆိုသူက မလျော်ကန်သောစာများ ဖြည့်စွက်ပြီး ဒေါ်ခင်မာဝေအား ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်သန်းက "လာရောက်တိုင်ကြားသူဘက်က လာရောက်တိုင်ကြားတဲ့ စကားဟာ ဆင့်ခေါ်စာမှာထည့်ဖို့အဆင်မပြေတဲ့အတွက် လာရောက်တွေ့ဆုံရန်ဆိုတဲ့ အကြောင်းအရာတစ်ခုကို အတည်ပြုပြီး လက်မှတ်ထိုးဆင့်ခေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဖြည့်စွက်တဲ့သူကတော့ သူ့သဘောထားအရ ဆယ်အိမ်စုမှူး ကိုမြင့်သန်းဆီကနေ ယူဆောင်သွာပြီး သူဘာသာသူဖြည့်ပြီး ပေးလိုက်တာပါ " ဟု မဇ္ဈိမကို ရှင်းပြသည်။
"ကျနော်နဲ့ကျနော့်ညီမ ရန်ဖြစ်တယ်။ ဥက္ကဌကို သွားတိုင်တော့ ဥက္ကဌက အကြောင်းအရာကို မဖြည့်ပေးဘူး။ ဒါကြောင့် စိတ်ဆိုးပြီးတော့ ကျနော့်သဘောဆန္ဒအရ ဒီစာတစ်ကြောင်းကို ဖြည့်စွက်လိုက်တာပါ" ဟု ကိုကြည်သန်းကလည်း ဝန်ခံပြောဆိုသည်။
အဆိုပါ ကိုကြည်သန်းသည် ဆင့်ခေါ်ခံရသူ မခင်မာဝေနှင့် ဆွေမျိုးတော်စပ်သူလည်း ဖြစ်သည်။
"ကိုမြင့်ခိုင်ဆိုသူနဲ့ကိုကြည်လွင်ဆိုတဲ့ လူနှစ်ယောက် ကျမဆီကနေ ဒီစာကိုတောင်းပြီး ဓါတ်ပုံရိုက်သွားတာပါ။ ကြည့်ရုံလေးပါ ဘာမှမလုပ်ပါဘူးဆိုပြီး ပြောသွားတယ်။ ဒီစာကို အုပ်ချုပ်ရေးမှူးကြီးရေးတာမဟုတ်တဲ့အတွက် ကျမကျေနပ်ပါတယ်" ဟု မခင်မာဝေကလည်း ပြောသည်။
အဆိုပါ ဆင့်ခေါ်စာမှာ လူမှုကွန်ရက် စာမျက်နှာအသီးသီးတွင် ဖော်ပြလျက်ရှိပြီး ဝေဖန်ပြောဆိုမှုများ ကျယ်လောင်စွာဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။