မန္တလေး၊ ဇွန် ၂၁ ။ ။ မန္တလေး၊ အောင်မြေရွှေဘုံဘုန်းကြီးကျောင်း နှင့် သာသနရံသီအတုလကာရီကျောင်းတိုက်အတွင်း ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ယာဉ်များကို ဇွန် ၂၁ရက်တွင် မန္တလေးတိုင်း ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိပြီး နေ့လည်ပိုင်းတွင် အစိုးရအဖွဲ့ဝင်များနှင့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ လာရောက်ကြည့်ရှု့ခဲ့သည်။
"စစ်ဆေးတယ်ဆိုတာကို လာကြည့်တာပါ။ စစ်ဆေးပြီးရင်တော့ အားလုံးသိရမှာပါ။"ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။
ဖမ်းဆီးရမိထားသည့် ၃၆ စီးအနက် ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဝင်းအတွင်းတွင် ထားရှိသော လိုင်စင်မဲ့ယာဉ် ၂၇ စီးကို စစ်ဆေးမှတ်တမ်းနေခြင်းဖြစ်သည်။
အဆိုပါလိုင်စင်မဲ့ကားများကို ဇွန်လ ၂၀ ရက်၊နံနက်ပိုင်းက အောင်မြေရွှေဘုံဘုန်းကြီးကျောင်းနှင့် သာသနရံသီ အတုလကာရီ ကျောင်းတိုက်တို့မှဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့ယာဉ် ၃၆စီးနှင့် ဆက်နွယ်ပတ်သက်နေသူများဖြစ်သည့် ကိုနိုင်(ခ)အောင်နိုင်ဦး၊ ကိုရဲမင်းထက်၊ ဦးကိုကိုကြီးနှင့် ဒေါ်အေးအေးဝင်းတို့ကို အမှတ်(၁၁) နယ်မြေရဲစခန်းမှ (ပ)၂၉၁/၂၀၁၆၊ပို့ကုန်၊ သွင်းကုန် ပုဒ်မ ၈ တို့ဖြင့် အမှုဖွင့်ထားကြောင်းကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသော မှတ်တမ်းအရသိရသည်။