ဇွန် ၂၁ ။ ။ တာလီဘန် စစ်သွေးကြွအဖွဲ့သည် ဇွန်လ ၂၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ဟယ်မန်ဒေသရှိ အဓိကလမ်းမကြီးတစ်ခုပေါ်တွင် သွားလာနေသော ယာဉ်များကို ရပ်တန့်စေကာ အနည်းဆုံး အမျိုးသား ၂၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အာဏာပိုင်များက ပြောသည်။
ယင်းနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်းကတည်းက တာလီဘန်တို့က အဝေးပြေးလမ်းများတွင် မကြာခဏဆိုသလို ပြန်ပေးဆွဲခေါ်ဆောင်မှုများစွာ လုပ်ဆောင်ထားခဲ့ပြီးဖြစ်သည်။
ယခုဖြစ်စဉ်တွင်လည်း မြို့တော် ကာဘူးလ်နှင့် တောင်ပိုင်းဒေသကို ချိတ်ဆက်ထားသော အဝေးပြေးလမ်းမပေါ်တွင် တာလီဘန်တို့က ကားများကို ရပ်တန့်စေကာ ကားပေါ်ပါ လူများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဟယ်မန်ဒေသ အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ယင်းနောက်ပိုင်း အမျိုးသမီးနှင့် ကလေးငယ် ၁၈ ဦးတို့ ပြန်လည်လွတ်လာခဲ့သော်လည်း အခြား အမျိုးသား ၂၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ယခုအခါ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အဆိုပါ အမျိုးသားများကို လိုက်လံရှာဖွေနေလျက်ရှိသည်။