မြစ်ကြီးနားမြို့တွင် ဇွန် ၂၀ရက်ညက ကွန်ပျူတာကျောင်းသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မြစ်ကြီးနားမြို့တွင် ဇွန် ၂၀ရက်ညက ကွန်ပျူတာကျောင်းသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဓာတ်ပုံ- Khun Aung

ချင်းမိုင်၊ ဇွန် ၂၁ ။           ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အသက် ၁၉နှစ်အရွယ် အမျိုးသားတစ်ဦး ဇွန် ၂၀ရက် ညက သေနတ်နှင့် ပစ်ခံရပြီး သေဆုံးခဲ့သည်။

ထိုနေ့ည ၉နာရီကျော်တွင် မြစ်ကြီးနားမြို့ ကျွန်းပင်တာရပ်ကွက်တွင် နေထိုင်သည့် မောင်ဂွမ်ဆိုင်းအောင်မှာ သီတာရပ်ကွက်တွင် အသတ်ခံရခြင်းဖြစ်သည်။

အသတ်ခံရသည့် မောင်ဂွမ်ဆိုင်းအောင်မှာ ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသားဖြစ်ပြီး ထိုနေ့ ညနေ ၄နာရီခန့်က သူငယ်ချင်းတစ်ဦး လာခေါ်၍ လိုက်သွားရာမှ ညပိုင်းတွင် အသတ်ခံရခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိခင် ဒေါ်လထော်နန်အိန်က မဇ္ဈိမကို ပြောသည်။

“ကျမသားက အရမ်းမိုက်တဲ့ ကလေးလည်း မဟုတ်ဘူး။ သားက အိမ်မှာပဲနေတာ မနေ့ကမှ အိမ်ကနေ ထွက်သွားတာ။ အမှုမှန်ပေါ်ပေါက်စေချင်တယ်၊ သားက ဘာရန်ညိုးမှ မရှိဘူး”ဟု ဒေါ်လထော်နန်အိန်က ပြောသည်။

မောင်ဂွမ်ဆိုင်းအောင်၏ ရုပ်အလောင်းကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၏ ဆေးစစ်ချက်အရ ကျည်ဆံမှ မောင်ဂွမ်ဆိုင်းအောင်၏ ညာဘက် ပခုံးမှ ဘယ်ဘက်ပခုံးသို့ ထွက်သည့် ဒဏ်ရာရရှိထားသည်ကို တွေ့ရကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဇွန်လ၂၁ ရက် ၁ နာရီတွင် သူ၏ ရုပ်အလောင်းကို ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံမှ ကျွမ်းပင်သာရပ်ကွက်နေအိမ်ထိ လူငယ်များက ထမ်း၍ သယ်ဆောင်သွားခဲ့သည်ဟု ၎င်းက ပြောသည်။

“ဒီနက် ၉ နာရီမှာဆရာဝန်တွေ ခွဲစိတ်တာတွေလုပ်တယ်။ ညဘက်ကနေ ဝင်တဲ့ ကျည်ဆံဘယ်ဘက် ပခုံးကို ထွက်သွားလို့ သေတယ်လို့ သိရတယ်။ ၁ နာရီကျော်လောက်ကနေ သူ့သူငယ်ချင်းတွေ၊ လူငယ်တွေက ထမ်းပြီးတော့ ရင်ခွဲရုံကနေ သူ့အိမ်ထိ သွားပို့တယ်”ဟုသူက ပြောသည်။

သူ၏ အလောင်းပို့ဆောင်စဉ် ကချင်ပြည်သူလူထုက “ပြည်သူကို အန္တရယ်ပြုသော တပ်မတော် အလိုမရှိ”၊ “စည်းကမ်းမဲ့ တပ်မတော် အလိုမရှိ”၊ ” ပြည်သူကို အကာအကွယ် မပေးသော အစိုးရနှင့် တပ်မတော် အလိုမရှိ”၊” မြို့တွင်းသေနတ်ဖြင့် ပစ်ခတ်ခြင်း(လုံးဝ) အလိုမရှိ”၊ “အမှုမှန်ပေါ်ပေါက်ရေး ဒို့အရေး” ဟူသော စာတမ်းများ ကိုင်ဆောင်၍ လမ်းတလျှောက် ကြွေးကျော် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သူ တရားခံသည် ဗလမင်းထင်တံတားစောင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း အမှတ် ၇၂၇ မှ တပ်သား မောင်မောင်နှင့် ဒုတပ်ကြပ် တစ်ဦးတို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ရဲစခန်းတွင် ဖမ်းဆီးကာ လက်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားသည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

လတ်တလော သေဆုံးသူ မောင်ဂွမ်ဆိုင်းအောင်၏ သူငယ်ချင်းနှင့် မျက်မြင်သက်သေများကို စစ်ဆေးနေဆဲ ဖြစ်ပြီး အမှုမှန်အသေးစိတ်မသိရသေးသော်လည်း ကချင်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးမှု မရှိဘဲ လုံခြုံရေး စိုးရိမ်နေရသည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ပြောသည်။

“မြို့လယ်ခေါင်မှာ ဖြစ်တယ်ဆိုတော့ မဖြစ်သင့်ဘူး။ မြို့လယ်ခေါင်မှာ ခုလို ဖြစ်လာတော့ အစိုးရမှာ တရားဥပဒေ စိုးမိုးရေး နဲ့ လုံခြုံမှု မရှိဘူးလို့ ပြောလို့ရတယ်။ အခုအချိန်က နိုင်ငံရေး မတည်မငြိမ်ဖြစ်တဲ့အချိန်ဆိုတော့ လူငယ်တွေကလည်း လုံခြုံမှု အရမ်း စိုးရိမ်နေရတယ်”ဟု သူက ပြောသည်။

သေဆုံးသူ မောင်ဂွမ်ဆိုင်းအောင်၏ ရုပ်အလောင်းကို တဘက်ခါ ဇွန်လ ၂၃ ရက်နေ့တွင် သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ၏ ဖခင် ဦးဒေးဝါမှာ နာဂလူမျိုးဖြစ်ပြီး မိခင်မှာ ကချင်လူမျိုးဖြစ်သည်။ ၎င်းတွင် ညီအငယ်တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)ကလည်း မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပြီး တရားသဖြင့် အရေးယူဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အား ဇွန်လ ၂၁ ရက်က ကြေငြာချက် ထုတ်ပြန်၍ တိုက်တွန်းတောင်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly