အင်ဒိုနီးရှား ရေကြီးမြေပြိုမှု သေဆုံးသူ ၂၄ ဦးရှိကာ ပျောက်ဆုံးသူ နှစ်ဒါဇင်ကျော်

အင်ဒိုနီးရှား ရေကြီးမြေပြိုမှု သေဆုံးသူ ၂၄ ဦးရှိကာ ပျောက်ဆုံးသူ နှစ်ဒါဇင်ကျော်

ဂျကာတာ၊ ဇွန် ၁၉ ။                ။ အင်ဒိုနီးရှားနိုင်ငံတွင် ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၂၄ ဦးရှိကာ ပျောက်ဆုံးသူပေါင်း နှစ်ဒါဇင်ကျော်ထက်မနည်းရှိကြောင်း၊ ရွံ့နွံပြုကျမှုကြောင့် အိမ်ခြေများ မြေမြုပ်သွားခြင်းများလည်း ဖြစ်ပေါ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၁၉ ရက်၌ ပြောသည်။

ဇွန် ၁၈ ရက်ကစကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗဟိုဂျာဗားပြည်နယ်တွင် ရေကြီးလွှမ်းမိုးမှုများဖြစ်ကာ အိမ်ထောင်ပေါင်းများစွာ ရေအောက်မြုပ်ကြောင်း သဘာဝဘေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပေါရိုက ပြောသည်။

"လက်ဦးရတဲ့ အချက်အလက်တွေအရ ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၂၄ ဦးနဲ့ ပျောက်ဆုံးသူ ၂၆ ဦးရှိတာ သိထားရတယ်။"ဟု ၎င်းက ထုတ်ပြန်ပြောဆိုသည်။

ရုပ်မြင်သံကြားထုတ်လွှတ်မှုတွင် ရေကြီးမြင့်တက်လာခြင်းများကြောင့် လူများက အိမ်ခေါင်မိုးပေါ် ရေလွတ်အောင် တက်နေနေကြသည်ကို ရိုက်ကူးပြသထားသည်ကို မြင်တွေ့ရသည်။

လူဦးရေထူထပ်သည့် ဂျာဗာပြည်နယ်တွင် မြေပြိုမှုများမှာ အဆိုးဆုံးဖြစ်ပြီး ကားများလည်း တိမ်းချော်ကာ ရွှွံ့များ၊ ကျောက်တုံးကျောက်ခဲများနှင့် ရေကြီးပြိုကျမှုများကြောင့် အိမ်ပေါင်းဒါဇင်များစွာလည်း ပျက်စီးကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် မြေပြိုမှုများ ကြုံတွေ့ရတတ်သည့် နိုင်ငံဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက နိုင်ငံအနောက်ပိုင်းရှိ ကမ္ဘာ့လှည့်ခရီးသွားနေရာတစ်ခုတွင် မြေပြိုမှုဖြစ်၍ အားလပ်ရက် အပျော်ခရီးထွက်လာသည့် ကျောင်းသားများ၏ တဲစခန်းများ ဘေးကြုံကာ ကျောင်းသား ၁၅ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly