သေနတ်ပစ်ခံရကာ လူငယ်တစ်ဦး သေဆုံးသွားသည့် ဖေ့ဘုတ် live-streaming ဗီဒီယို ပျံ့နှံ့

သေနတ်ပစ်ခံရကာ လူငယ်တစ်ဦး သေဆုံးသွားသည့် ဖေ့ဘုတ် live-streaming ဗီဒီယို ပျံ့နှံ့

နယူးယောက်၊ ဇွန် ၁၉ ။           ။ အမေရိကန်နိုင်ငံ ချီကာဂိုမှ လူငယ်တစ်ဦးက ဖေ့ဘုတ်တွင် live-streaming ဗီဒီယိုတင်နေစဉ် သေနတ်ပစ်ခံရပြီးသေဆုံးရာ ယင်းဗီဒီယိုက ဖေ့ဘုတ်တွင် ဇွန် ၁၇ ရက်က ပျံ့နှံ့သွားသည်။

ချီကာဂိုမြို့အနောက်ပိုင်းနေ အသက် ၂၈ နှစ်ရှိ အန်တိုနီယိုပတ်ကင်ဆိုသူ၏ ခေါင်းနှင့် လည်ပင်းတို့ သေနတ်ထိမှန်ကာ သေဆုံးသွားသည့် အစစ်အမှန်ဗီဒီယိုက ဖေ့ဘုတ်ပေါ် ယခုအချိန်ထိ ပျံ့နှံ့နေပြီး ကြည့်ရှုသူပေါင်း ခုနှစ်သိန်းနီးပါးအထိ ရှိလာသည်။

ဖေ့ဘုတ်က လှုပ်ရှားမှုဗီဒီယိုများကို အချိန်နှင့်တစ်ပြေးတည်း ဖေ့ဘုတ်ပေါ် အခြားသူများပါ ကြည့်ရှုနိုင်သည့် live-streaming ဗီဒီယိုကို ၂၀၁၀ ကတည်းက စတင်ထည့်သွင်းထားခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့် လများအတွင်းကမှ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှု တွင်ကျယ်လာခဲ့ခြင်းဖြစ်သည်။

ယခုဗီဒီယိုတွင် ပတ်ကင်က သူနှင့်အတူ လူတစ်စု စကားပြောနေသည်ကို ဖုန်းဖြင့် live-streaming ဗီဒီယို တင်နေချိန် သေနတ်သံများ ကြားရပြီး ပတ်ကင်လဲကျကာ ဖုန်းက သွေးများပေကျံနေသည့် မြင်ခင်းပေါ် ပြုတ်ကျသွားဟန်ရှိကာ ဗီဒီယိုမြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားခြင်းဖြစ်သည်။

အနီးနားက လူများ၏ အော်သံ၊ ငိုသံများကိုလည်း ကြားနေရသည်။

သွေးပျက်စိတ်မချမ်းသာစရာအဖြစ် သတိပေးမက်ဆေ့များနှင့်အတူ ယင်းဗီဒီယိုက ဖေ့ဘုတ်တွင် ရှိနေဆဲဖြစ်သည်။

ဖေ့ဘုတ်ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ယင်းဗီဒီယိုက ကုမ္ပဏီမူဝါဒကို မကျော်လွန်ကြောင်း၊ ဖေ့ဘုတ်က အကြမ်းဖက်မှုများကို တွန်းအားပေးအမွှမ်းတင် ဂုဏ်ပြုနေသည့် ဗီဒီယို ပို့စ်များကို ဖယ်ရှားပစ်ကြောင်း ပြောသည်။

ယင်းသို့ live-streaming ရိုက်ကူးနေစဉ် ပစ်သတ်ခံရပြီး သေဆုံးမှုမှာ ချီကာဂိုတွင်ပင် သုံးလအတွင်း ဒုတိယအကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းက live-streaming ဖေ့ဘုတ်ဗီဒီယိုတွင် အမည်မသိလူတစ်ဦး သေနတ်ဖြင့် ၁၆ ချက် ပစ်သတ်ခံရကာ သေဆုံးသည်။

ယင်းအမှုတွင်လည်း ပစ်သတ်သည့် လက်သည်ကို ယခုထိ ဖမ်းမိခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly