အမေရိကန်သမ္မတသစ် ဘယ်သူပဲ တက်တက် လက်တွဲလုပ်သွားမည်ဟု ပူတင် ပြော

အမေရိကန်သမ္မတသစ် ဘယ်သူပဲ တက်တက် လက်တွဲလုပ်သွားမည်ဟု ပူတင် ပြော

ဇွန် ၁၈ ။               ။ နောင်တက်လာမည့် အမေရိကန်သမ္မတသစ် ဘယ်သူပဲဖြစ်လာပါစေ အတူတကွ လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိနေသည်ဟု ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ဇွန်လ ၁၇ ရက်တွင် ပြောကြားလိုက်သည်။ ဥရောပ ထိပ်တန်းအရာရှိကြီးများ၊ နိုင်ငံတကာကုမ္မဏီများမှ အမှုဆောင်အရာရှိချုပ်များနှင့် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးပြီးနောက် ပူတင်က ယခုကဲ့သို့ ရုရှ-အမေရိကန် နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေးစကားကို ဆိုလိုက်ခြင်းလည်းဖြစ်သည်။

ရုရှ သမ္မတ ပူတင်သည် ဇွန်လ ၁၆ နှင့် ၁၇ ရက်နေ့တို့က ဥရောပကော်မရှင်ဥက္ကဌ၊ အီတလီဝန်ကြီးချုပ် နှင့် ကမ္ဘာ့ထိပ်တန်းကုမ္မဏီကြီးများမှ စီအီးအိုများနှင့် စိန့်ပီတာစဘက်ဂ်မြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားခဲ့သည်။

အထက်ပါတွေ့ဆုံဆွေးနွေးမှုများအတွင်း မိမိတို့ ရုရှအနေဖြင့် အမေရိကန်သမ္မတသစ် ဘယ်သူနှင့်မဆို အတူတကွလုပ်ဆောင်နိုင်သည်ဟု ပူတင်က ပြောကြားသွားခြင်းဖြစ်သည်။

" ကျွန်တော်တို့က အမေရိကန်သမ္မတသစ်ရဲ့ လုပ်ဆောင်ချက်ကိုပဲ ကြည့်သွားမှာပါ၊ ပြောစကားတွေကို ကြည့်သွားမှာမဟုတ်ပါဘူး၊ နောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ နည်းလမ်းတွေလည်း ရှာချင်ပါတယ်၊ စီးပွားရေးပိုင်းရော နိုင်ငံတကာလုံခြုံရေးပိုင်းမှာပါ တိုးမြင့်ပူးပေါင်းသွားလိုပါတယ်" ဟု ပူတင်က ပြောကြားသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မကြာမီကျင်းပတော့မည့် ဘရာဇီး အိုလံပစ်ပြိုင်ပွဲတွင် ရုရှ ပြေးခုန်ပစ်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမှုအပေါ်တွင်လည်း ပူတင်က ပြစ်တင်ပြောဆိုသွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly