အမေရိကန် အပန်းဖြေဟိုတယ်တစ်ခုအနီး ရေကန်တွင် ကလေးငယ်တစ်ဦး မိကျောင်းဆွဲခံရ

အမေရိကန် အပန်းဖြေဟိုတယ်တစ်ခုအနီး ရေကန်တွင် ကလေးငယ်တစ်ဦး မိကျောင်းဆွဲခံရ

ဇွန် ၁၅ ။                ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ ဒစ်စနေး အပန်းဖြေစခန်းတစ်ခုအနီးတွင် နှစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး မိကျောင်းဆွဲခံခဲ့ရပြီး ယခုအခါ ရဲများက ရှာဖွေနေရသော်လည်း မတွေ့ရှိသေးကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဇွန်လ ၁၅ ရက်က အဆိုပါ ကလေးငယ်လေးသည် အော်လန်ဒိုမြို့ရှိ ဒစ်စနေးဂရန်းဖလော်ဒီယန် အပန်းဖြေဟိုတယ်အနီး ကန်စပ်တွင် ဆော့ကစားနေချိန်တွင် မိကျောင်းက ဆွဲသွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

မိကျောင်းက ကလေးကို ဆွဲသွားသည်ကို တွေ့တွေ့ချင်း ဖခင်ဖြစ်သူက ချက်ချင်း ကန်ထဲ ဆင်းကာ လိုက်လံဆွဲယူသော်လည်း မအောင်မြင်ခဲ့ဟု ဆိုသည်။ ယခုအခါ ရဲတပ်ဖွဲ့ဝင် ငါးဆယ်ကျော်နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းရှာဖွေနေလျက်ရှိသော်လည်း တွေ့ရှိသေးခြင်းမရှိသေးပေ။

ကလေးငယ်တို့ မိသားစုသည် ယင်းနေ့က အထက်ပါ ဟိုတယ်တွင် လာရောက်အပန်းဖြေနေခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်က ကလေးငယ်လေးသည် ရေစပ်တွင် လျှောက်သွားနေစဉ် ယခုကဲ့သို့ မိကျောင်းတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ယခုဖြစ်စဉ်မှာ ယင်းဧရိယာတစ်ဝိုက်တွင် ယခင်က ဖြစ်လေ့ဖြစ်ထ မရှိခဲ့ဟု တာဝန်ရှိသူများက ပြောကြားသွားသည်။ အလားတူ အဆိုပါ အပန်းဖြေဟိုတယ်အနီး ရေကန်တွင် ယခင်က မိကျောင်းများရှိသည်ဆိုသည့် သတင်းများလည်း ကြားမထားမိဟု ဒေသခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဂျယ်ရီဒီမင်းစ်က ပြောကြားသွားသည်။ ယခု မိကျောင်းမှာ အရှည် လေးပေနှင့် ခြောက်ပေအကြားရှိမည်ဟု ခန့်မှန်းနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly