အော်လန်ဒို နိုက်ကလပ် ပစ်ခတ်မှုအပေါ် ကမ္ဘာ့ခေါင်းဆောင်အများအပြားက ပြင်းထန်စွာ ပြစ်တင်ရှုံ့ချ

အော်လန်ဒို နိုက်ကလပ် ပစ်ခတ်မှုအပေါ် ကမ္ဘာ့ခေါင်းဆောင်အများအပြားက ပြင်းထန်စွာ ပြစ်တင်ရှုံ့ချ

ဇွန် ၁၃ ။               ။ အမေရိကန်နိုင်ငံ အော်လန်ဒို မြို့ ဂေး နိုက်ကလပ်တစ်ခုတွင် သေနတ်သမားတစ်ဦး၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးသွားခဲ့သည့်ဖြစ်စဉ် အပေါ် နိုင်ငံတကာက ခေါင်းဆောင်များက ဝိုင်းဝန်း ပြစ်တင်သွားခဲ့သည်။

ယခု ပစ်ခတ်တိုက်ခိုက်မှုမှာ ရူးသွပ်မိုက်မဲပြီး အဓိပ္မါယ်ကင်းမဲ့သည့်လုပ်ရပ်ဟု ပုပ်ရဟန်းမင်းကြီးက ပြစ်တင်ခဲ့သကဲ့သို့ အမေရိကန်သမ္မတ အိုဘားမားကလည်း ယင်းလုပ်ရပ်မှာ အစွန်းရောက်ပြီး အမုန်းတရားအခြေခံသော လုပ်ရပ်ဟု ပြောဆိုခဲ့သည်။

အလားတူ ယခု ဖြစ်စဉ်ကြောင့် အံ့သြတုန်လှုပ်မိကြောင်း ဗြိတိန်ဘုရင်မကြီးက ပြောဆိုခဲ့ပြီး သေဆုံးသွားသူများအတွက် ထပ်တူ ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။

ယခင်ကာလများက အလားတူ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားထားခဲ့သော ပြင်သစ်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့မှ ခေါင်းဆောင်များကလည်း ယခုဖြစ်စဉ်အပေါ် ပြစ်တင်သွားခဲ့ပြီး အမေရိကန်နှင့်အတူ စုစည်းညီညွတ်မှုကိုပြသသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ယခု ဖြစ်စဉ်တွင် ကျူးလွန်သွားသူ သေနတ်သမားမှာ အာဖဂန်ဖွား အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးသမားများက ထုတ်ဖော်ပြောကြားထားချိန်တွင် အာဖဂန် သမ္မတ ကလည်း သေဆုံးသွားသူများ၏ မိသားစုဝင်များထံသို့ ထပ်တူဝမ်းနည်းကြောင်း ပြောကြားပေးသွားခဲ့သည်။

အမေရိကန် သမိုင်းတွင် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်သတ်သွားမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့သော ယခု အော်လန်ဒို တိုက်ခိုက်မှုမှာ သေနတ်သမားက ဂေးနိုက်ကလပ်တစ်ခုတွင် ဝင်ရောက်မွှေနှောက်ပစ်ခတ်သွားခဲ့ခြင်းပင်ဖြစ်သည်။

အလားတူ တစ်ချိန်တည်းတွင်မှာပင် ယင်းလုပ်ရပ်နှင့်ပတ်သက်၍ မလေးရှား၊ စင်ကာပူနှင့် ပါကစ္စတန် နိုင်ငံတို့ကလည်း အသီးသီး ပြစ်တင် ပြောကြားသွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly