လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၁ ။ ။ ဟောလီးဝုဒ်မင်းသား မိုက်ကယ်ဂျေ့စ်သည် လော့စ်အိန်ဂျလိစ် နေအိမ်၌ သားသမီးနှစ်ယောက်၏ ရှေ့တွင် ဇနီးသည်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအတွက် ဇွန် ၁၀ ရက်တွင် တရားရုံးက ထောင်ဒဏ် နှစ်လေးဆယ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အသက် ၅၃ နှစ်အရွယ်ရှိ ဂျေ့စ်သည် ၂၀၁၄ ခုနှစ်၊ မေလက ဇနီးဖြစ်သူ ဧပြီဂျေ့စ်ကို သတ်မှုအတွက် ဖမ်းဆီးခံရပြီးသည့် အချိန်မှစ၍ ထောင်အတွင်း ရက်ပေါင်း ၇၅၄ ရက် ကုန်ဆုံးခဲ့ကြောင်း လော့စ်အိန်ဂျလိစ် ရာဇဝတ်မှု တရားရုံးစာရေး မီလိုဒီရာမီရက်ဇ်က ပြောကြားသည်။
ဇနီးဖြစ်သူသည် ကွာရှင်းလိုခြင်းကြောင့် ဂျေ့စ်သည် ပထမတစ်ကြိမ် ဇနီးဖြစ်သူ၏ နောက်ကျောကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ခြေထောက်ကို နှစ်ချက် ထက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုက်ကယ်ဂျေ့စ်က ပြောကြားသည်။
ယင်းနောက် အာဏာပိုင်များကို အကြောင်းကြားခဲ့ပြီး ဇနီးဖြစ်သူကို သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ သနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အချိန်က အသက် ၈ နှစ်အရွယ်နှင့် ငါးနှစ်အရွယ် သားဖြစ်သူတို့သည် မိခင်ဖြစ်သူ သေနတ်ဖြင့် အပစ်ခံရပုံကို တွေမြင်ခဲ့ကြောင်းနှင့် ဇနီးဖြစ်သူသည် သေဆုံးချိန်တွင် အသက် ၄၀ ရှိပြီဖြစ်ကြောင်း အစိုးရရှေ့နေများက ပြောကြားသည်။
မိုက်ကယ်ဂျေ့စ်သည် ဇနီးသည်ကို ကြိုတင်ကြံစည် သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်းနှင့် ဒုတိယအဆင့် လူသတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဂျေ့စ်၏ရှေ့နေက တရားရုံးတွင် ပြောကြားခဲ့သည်။ မိုက်ကယ်ဂျေ့စ်သည် ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “ The Shield” တွင် ရဲတပ်ဖွဲ့ဝင်အဖြစ် ပါဝင်သရုပ်ဆောင်ခြင်းဖြင့် လူသိများလာသော မင်းသားတစ်ဦးဖြစ်သည်။