ပြောင်းမည့်အသင်းသစ်ကို အင်္ဂါနေ့တွင် အီဘရာဟီမိုဗစ်ကြေညာမည်

ပြောင်းမည့်အသင်းသစ်ကို အင်္ဂါနေ့တွင် အီဘရာဟီမိုဗစ်ကြေညာမည်

ဇွန် ၆၊ ဆွီဒင် ။                ။ အီဘရာဟီမိုဗစ်သည် ၎င်းပြောင်းရွှေ့မည့်အသင်းသစ်ကို အင်္ဂါနေ့တွင် ကြေညာမည်ဖြစ်သည်။ ဆွီဒင်တိုက်စစ်မှူးအနေဖြင့် မန်ချက်စတာယူနိုက်တက် နည်းပြမော်ရင်ဟို၏ ပထမဆုံးခေါ်ယူမှုအဖြစ် ယူနိုက်တက်သို့ တစ်နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လိမ့်မည် ဟု မှန်းဆခံနေရသည်။

အင်္ဂါနေ့တွင် ဆုံးဖြတ်ချက်ချမည်သတင်းမှာ တနင်္ဂနွေနေ့၌ ဆွီဒင်အသင်းက ဝေးလ်အသင်းကို ၃-၀ ဖြင့်နိုင်သည့်ပွဲအပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“၇ ရက်နေ့မှာ ကြေညာမှုကြီးတစ်ခုရှိလာလိမ့်မယ်။ အဲဒါက ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလရဲ့ အကြီးစားပြောင်းရွှေ့မှုကြီး တစ်ခုဖြစ်လာမှာပါ”ဟု အီဘရာဟီမိုဗစ်က ဆွီဒင်ရုပ်သံသို့ပြောသည်။
အီဘရာဟီမိုဗစ်အပြောင်းအရွှေ့ကိစ္စလုပ်မည့်အချိန်တွင် ဆွီဒင်လက်ရွေးစင်အသင်းမှ ခွင့်ပေးထားမည်ဟု ကြေညာထားခဲ့ပြီး ဖြစ်သည်။

အီဘရာဟီမိုဗစ်သည် ပီအက်စ်ဂျီအသင်းနှင့်စာချုပ်သက်တမ်းကုန်သွားပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းပြောင်း နိုင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် ယူနိုက်တက်တွင် နည်းပြသစ်မော်ရင်ဟိုနှင့်လာရောက်ပူးပေါင်းမည်ဟု သတင်းများအစဉ်တစိုက်ဖော်ပြခံနေ ရပြီး အင်တာမီလန်တွင်အတူလက်တွဲခဲ့ဖူးသည့် မော်ရင်ဟိုကလည်း ယူရိုပြိုင်ပွဲမတိုင်မီ စာချုပ်ကိစ္စအပြီးသတ်ချင်နေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly