မုံရွာ၊ ဇွန် ၁ ။ ။ မေ ၃၁ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယင်းမာပင်မြို့နယ် ယမားချောင်းအတွင်းရှိ ယာယီချောင်းကူး တံတားပျက်စီးကာ ဒေသခံများသွားလာရေး အခက်တွေ့နေကြောင်း သိရသည်။
အဆိုပါ ယမားချောင်းအတွင်းရှိ ယာယီချောင်းကူးတံတားအား ကျေးရွာ(၅)ရွာမှ ဒေသခံများပူးပေါင်းကာ ကိုယ်ထူကိုယ်ထစနစ် ဖြင့် ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
"ဒီတံတားကို ကျေးရွာ(၅)ရွာလောက်က အသုံးပြုနေရတယ်။ တံတားပျက်စီးသွားပြီဆိုတော့ သွားရေးလာရေး အခက်ခဲတွေဖြစ်လာမယ်။ အထူးသဖြင့် အထက်တန်းကျောင်းသားတွေ ပိုခက်ခဲမယ်။ ကျောင်းကဖွင့်ပြီဆိုတော့ ပြင်ဖို့အရေးကြီးလိုအပ်နေတယ်။"ဟု ဒေသခံတစ်ဦးဖြစ်သူ ကောင်းခန့်လင်းက ပြောသည်။
မေ ၃၁ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အဆိုပါ ယမားချောင်း ယာယီချောင်းကူးတံတားမှာ ပျက်စီးသွားခဲ့ကြောင်း၊ သွားလာရေး လုံးဝခက်ခဲနေကြောင်း သိရသည်။
အဆိုပါ ယာယီတံတားကို ၂၀၁၅ခုနှစ် အောက်တိုဘာက တည်ဆောက်ခဲ့ကြပြီး၊ ဒေသတွင်း အသုံးများသည့် ထန်းတုံးများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။