နယူးဒေလီ၊ မေ ၃၀ ။ ။ အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်တွင် ကျောင်းဘတ်စ်ကားပေါ် ဓာတ်ကြိုးပြတ်ကျရာမှ ကျောင်းသားနှစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည်။
ဖြစ်ပွားသည်မှာ မေ ၂၉ ရက် ညနေပိုင်းက ကျောင်းသားများ ပျော်ပွဲစားထွက်ရာမှ အပြန်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲက ပြောသည်။
ဒဏ်ရာရထိခိုက်မှုများဖြစ်ခဲ့သည့် ကျောင်းသားပေါင်းက အနည်းဆုံး ၃၀ ခန့်ရှိပြီး ၎င်းတို့ကို ဆေးရုံတင်ကုသပေးလျက်ရှိသည်။ ဖြစ်စဉ်ကို ရဲက စုံစမ်းစစ်ဆေးလျက်ရှိသည်။
ကျောင်းကားပေါ် ဓာတ်ကြိုးပြတ်ကျရသည့် အကြောင်းရင်းအား သေချာရှင်းလင်းမသိရသေးသော်လည်း ကျောင်းသားတစ်ချို့က သစ်ကိုင်းများကို လှမ်းဆွဲရာမှ သစ်ကိုင်းနှင့် ထိနေသည့် ဓာတ်ကြိုးက ပြတ်ကျရခြင်းဖြစ်သည်ဟု မီဒီယာသတင်းများက ဖော်ပြသည်။
တစ်ချို့သတင်းများတွင် ကျောင်းသားများက အုန်းလက်ကို လှမ်းဆွဲခြင်းဖြစ်သည်ဟု ဖော်ပြပြီး သတင်းအချို့တွင်မူ ကျောင်းသားများက ကားပေါ်မှနေ၍ လက်လှမ်းမှီရာ သရက်သီးများကို လှမ်းခူးကြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်အတွင်းက အလားတူမတော်တဆမှုမျိုး ရာဂျာစသန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။ မင်္ဂလာဆောင်ကျင်းပလှည့်လည်သည့် ကားတစ်စီးပေါ် ဓာတ်ကြိုးပျက်ကျရာမှ လူပေါင်း အနည်းဆုံး ၂၅ ဦး ဓာတ်လိုက်ခဲ့ကြခြင်းဖြစ်သည်။