ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းနိုင်ငံသည် မြန်မာအစိုးရသစ်နှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်သွားရေးအတွက် အဆင်သင့်ရှိနေကြောင်း မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ စစ်တပ်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၇ ရက်မှ ပြီးဆုံးမည့် သုံးရက်တာခရီးစဉ်အဖြစ် ဘန်ကောက်သို့ ရောက်ရှိနေခြင်းဖြစ်သည်။
နှစ်နိုင်ငံစစ်တပ်အနေဖြင့် အထူးသဖြင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာကိစ္စရပ်များတွင် အနီးကပ် ပိုမိုပူးပေါင်းသွားရမည်ဖြစ်ကြောင်း ချန်အိုချာက ပြောသည်။ နှစ်ပြည်ထောင်ပြည်သူများ အကျိုးအတွက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအလို့ငှာ ထိုင်းနှင့် မြန်မာနိုင်ငံမှ အကြီးတန်းတာဝန်ရှိသူများ ပုံမှန်တွေ့ဆုံမှုများအတွက် ၎င်းအနေဖြင့် ဝမ်းမြောက်ရကြောင်းလည်း ချန်အိုချာက ပြောသည်။
နိုဝင်ဘာရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာပြီးနောက် မြန်မာအကြီးအကဲတစ်ဦးအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခရီးစဉ်သည် နှစ်နိုင်နှင့် စစ်တပ်နှစ်ရပ်စလုံးကြား နီးကပ်စွာ ရေရှည်ဆက်ဆံရေးကိုလည်း ဖော်ပြပါကြောင်း၊ စီးပွားရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့် ဆက်စပ်ရာ အကြောင်းချင်းရာများအရေးတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် တွန်းအားဖြစ်စေကြောင်း ချန်အိုချာက ပြောခဲ့သည်။
ဝန်ကြီးချုပ်ချန်အိုချာအား သမ္မတကြီးဦးထင်ကျော်က ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများအတွက် အသင့်ရှိပါကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။
Ref: The Nation