အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု သေဆုံးသူ ခြောက်ဦးအထိ ထပ်တိုးလာ

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု သေဆုံးသူ ခြောက်ဦးအထိ ထပ်တိုးလာ

ဂျကာတာ၊ မေ ၂၂ ။             ။ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းတွင် မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေသည် ခြောက်ဦးအထိ ရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မေ ၂၂ ရက်၌ ပြောပြီး ပြာပူများကြောင့် ဘေးဖြစ်နိုင်သူ ထပ်တိုးလာမည်ကိုလည်း စိုးရိမ်နေရကြောင်း ပြောသည်။

ပြီးခဲ့သည့် မေ ၂၁ ရက် နေ့လည်ပိုင်းတွင် ဆူမတြားကျွန်းရှိ မီးတောင်ရှင် ဆီနာဘန် ပေါက်ကွဲမှုအတွင်း ထိခိုက်မှုဖြစ်၍ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသူပေါင်း သုံးဦးရှိထားကြောင်း သဘာဝဘေးအေဂျင်စီပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုက ပြောသည်။

"ပြာပူချော်ငွေ့များနဲ့ ထိခိုက်မိသူ ကိုးဦးရှိပြီး ခြောက်ဦးက သေဆုံးခဲ့ပါပြီ။ ကျန်သုံးဦးရဲ့ အခြေအနေကလည်း လောင်ကျွမ်းဒဏ်ရာများကြောင့် စိုးရိမ်ဖွယ်မှာ ရှိနေတယ်။"ဟု ၎င်းက ပြောပြီး ၎င်းတို့သုံးဦးကို ဆေးရုံတင်ပို့ထားသည်ဟု ဆိုသည်။

ချော်ရည်ဓာတ်ငွေ့ပူများ လိမ့်စီးနေပြီး အပူချိန်က ၇၀၀ ဒီဂရီဆဲလ်စီးရပ်ထိ ရောက်နိုင်ကြောင်း ဆူတိုပိုက ပြောသည်။

မီးတောင်ဝန်းကျင်က ဂမ်ဘာကျေးရွာရှိ စိုက်ခင်းပျိုးခင်းများနှင့် အိမ်များတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက မီးတောင်အန္တရာယ်ကြောင့် သတိကြီးစွာ ရှာဖွေရေးများလုပ်ဆောင်နေရသည်။

ယင်းမီးတောင်ဝန်းကျင်နေရာသည် အန္တရာယ်ဇုန်အဖြစ် ၂၀၁၄ ခုနှစ်အတွင်းက နေထိုင်သူများကို နေရပ်ရွှေ့ပြောင်းရန် အမိန့်ထုတ်ထားခဲ့ခြင်းဖြစ်သည်။ သေဆုံးထိခိုက်ဒဏ်ရာရသူအားလုံးက စိုက်ပျိုးရေးလုပ်သားများ ဖြစ်ကြသည်။

"မီးတောင်ပေါက်ကွဲတော့ ဒီဂမ်ဘာကျေးရွာမှာ လူဘယ်နှစ်ယောက်လောက် နေထိုင်ရှိနေလဲဆိုတာ အတိအကျမသိရဘူး။ ကယ်ဆယ်ရေးသမားတွေခများလည်း မီးတောင် ထပ်ပြီးပေါက်ကွဲလာဦးမှာကို စိုးရိမ်နေရတယ်။"ဟု ဆူတိုပိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly