ရန်ကုန်၊ မေ ၂၁ ။ ။ရွန်နူ မုန်တိုင်းအန္တရာယ် အမြင့်ဆုံးသတိပေးမှု ဖြစ်ပေါ်နေသည့် ချင်းပြည်နယ်တွင် ပြည်နယ်ဝန်ကြီး နှစ်ဦးက တိုက်ရိုက်ဦးစီးမည့် သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှု အဖွဲ့ကို မေ ၂၁ရက်တွင် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
ယင်းအဖွဲ့တွင် လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးက ဥက္ကဋ္ဌ၊ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးက ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် စတင်ရုံးထိုင် ဆောင်ရွက်သွားမည်ဟု ဒုဥက္ကဋ္ဌဖြစ်သူ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမကို ပြောသည်။
မေ ၂၁ရက်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း မိုးရွာသွန်းကာ ကျန်းမာရေးဝန်ထမ်းအိမ်ယာတွင် မြေပြိုမှု၊ ဆောက်လုပ်ရေး ဝန်ထမ်းအိမ်ယာတွင် မြေပြိုမှု၊ လျှပ်စစ်ဓာတ်အားပေး ရောင်လှောင်တံမန် ထိခိုက်မြေပြိုမှုကြောင့် လျှပ်စစ်မီး ပျက်တောက်မှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းက ပြောသည်။
"ဒီနေ့က ချင်းပြည်နယ်ထဲမှာ ဖလမ်းမြို့နယ်ထဲမှာ ၃နေရာက ထိခိုက်မှုအများဆုံးဖြစ်နေတယ်။ ကျွန်တော်တို့တွေ သဘာဝဘေးအန္တရာယ် လျှော့ချရေး အရေးပေါ်ကွပ်ကဲရေးရုံးကို ဒီနေ့စဖွဲ့ပြီး တိုက်ရိုက်ဖြေရှင်းမယ်"ဟု ၎င်းကပြောသည်။
သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှု အဖွဲ့အောက်တွင် အရေးပေါ် ကွပ်ကဲရေရုံး အပါအဝင် ချင်းပြည်နယ် လူမှုရေးရုံးများနှင့် ချိတ်ဆက်ထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့တွင် မုန်တိုင်းအန္တရာယ်အမြင့်ဆုံး သတိပေးမှုဖြစ်သည့် အနီရောင်အဆင့် သတ်မှတ်ထားရသည်။
လက်ရှိတွင် ချင်းပြည်နယ်အတွင်း ခရိုင်အဆင့်မှ မြို့နယ်အလိုက်ကို အုပ်ချုပ်ရေးမှူးမျးက တိုက်ရိုက်တာဝန်ယူ၍ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန် ဌာနတိုင်း မြို့နယ်အလိုက် စခန်းများချထား၍ ကြီးကြပ် ကွပ်ကဲရန် စီစဉ်ထားသည်။