သီရိလင်္ကာနိုင်ငံတွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး ၁၆ ဦး သေဆုံး

သီရိလင်္ကာနိုင်ငံတွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး ၁၆ ဦး သေဆုံး

မေ ၁၈ ။            ။ သီရိလင်္ကာနိုင်ငံတွင် သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်ပိုင်း မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ မေလ ၁၈ ရက်အထိ ရုပ်အလောင်း ၁၆ လောင်းကို ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း  အာဏာပိုင်များက အတည်ပြု ပြောကြားသည်။

နိုင်ငံတွင် ဝေးလံခေါင်းပါးသော အရှေ့မြောက်တောင်ကုန်းဒေသ ကယ်ဂါလီ အရပ်ရှိ ကျေးရွာနှစ်ရွာတွင် ယခုကဲ့သို့ မြေပြိုမှုများဖြစ်ပေါ်ခဲ့ရာ ယခုလက်ရှိအချိန်အထိ ၁၆ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။ ဆက်လက်၍ ပြီးခဲ့သည့် ရက်ပိုင်းက ရေကြီးမြေပြိုမှုများကြောင့် သေဆုံးထားခဲ့သူဦးရေနှင့် ပေါင်းလျင် စုစုပေါင်း သေဆုံးသူ ဦးရေမှာ ၃၅ ဦးအထိ ရှိသွားခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်တွင် သီရိလင်္ကာအစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်နေသောကြောင့် ရေလွှမ်းမိုးနိုင်မည့် နေရာများနှင့် ဆင်ခြေလျှောဒေသများမှ ပြည်သူများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် မြေပြိုမှုများကြောင့် လူပေါင်း ရာနှင့် ချီ ပျောက်ဆုံးနေပြီး ၎င်းတို့အားလုံးသေဆုံးခဲ့ပြီဖြစ်ကြောင်း  သီရိလင်္ကာ ကြက်ခြေနီအဖွဲ့မှ ထုတ်ပြန်ချက်အပေါ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာမှ ပြောရေးဆိုခွင့်ရှိသူ ပရာဒိ ကိုဒီပလီလီက ငြင်းဆန်သွားသည်။

" ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးမှုတွေကြောင့် သေဆုံးသူတွေကိုဖယ်လိုက်ရင် လက်ရှိ မြေပြိုမှုတွေနဲ့ ဆက်စပ်သေဆုံးသူက ဆယ်ကဏာန်းပဲ ရှိပါတယ်၊ ရာဂဏာန်းမဟုတ်ပါဘူး" ဟု ၎င်းက ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly