အီဗရာဟီမိုဗစ်ချ်ကို ခေါ်ယူရန် မန်ယူဆွေးနွေး

အီဗရာဟီမိုဗစ်ချ်ကို ခေါ်ယူရန် မန်ယူဆွေးနွေး

မေ ၁၇၊ မန်ချက်စတာ ။          ။ မန်ယူအသင်းသည် ပီအက်စ်ဂျီအသင်းမှ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်ကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း  ဒေးလီးမေးလ်သတင်းစာက   ဖော်ပြခဲ့သည်။

လာမည့် အောက်တိုဘာလတွင် အသက် ၃၅ နှစ်ပြည့်တော့မည့် အီဗရာဟီမိုဗစ်ချ်နှင့် ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားသော စာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည်။

မိုဗစ်ချ်၏ လစာငွေမှာ တစ်နှစ်လျှင် ပေါင် ၁၂ သန်း ရှိသည့်အတွက် ထိုပမာဏကို ပေးချေနိုင်သည့်အသင်းအနည်းငယ်သာရှိပြီး မန်ယူအသင်းမှ ထိုအသင်းများထဲမှ တစ်သင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်ပတ်က ဘော်ဒိုးနှင့် ၁-၁ ဂိုးဖြင့်သရေကျခဲ့သည့်ပွဲတွင် မန်ယူအသင်း၏ကင်းထောက်များမှာ မိုဗစ်ချ်ကို သွားရောက်ကြည့်ရှုခဲ့ကြပြီး ပုံမှန်ညှိနှိုင်းဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ မိုဗစ်ချ်ကို တစ်နှစ်စာချုပ်သက်တမ်းဖြင့် ခေါ်ယူရန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

မိုဗစ်ချ်သည် ယခုနှစ်ရာသီတွင် ပီအက်စ်ဂျီအသင်းအတွက် စုစုပေါင်းသွင်းဂိုး ၄၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး လေးနှစ်အတွင်း ၁၅၄ ဂိုးအထိသွင်းယူပေးထားသည်။ ပီအက်စ်ဂျီအသင်း၏သမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။

မိုဗစ်ချ်၏အေးဂျင့်ကမူ မန်ယူအသင်းက တရားဝင်ကမ်းလှမ်းမှု မရှိသေးဟု ပြောဆိုထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly