အင်ဒိုနီးရှားတွင် ရေကြီးမြေပြိုမှုကြောင့် တက္ကသိုလ်ကျောင်းသားများ သေဆုံး

အင်ဒိုနီးရှားတွင် ရေကြီးမြေပြိုမှုကြောင့် တက္ကသိုလ်ကျောင်းသားများ သေဆုံး

ဂျကာတာ၊ မေ ၁၇ ။          ။ အင်ဒိုနီးရှားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နာမည်ကြီးရေတံခွန်တွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ကာ လေ့လာရေးခရီးထွက်သည့် တက္ကသိုလ်ကျောင်းသား ၂၀ နှင့် လမ်းပြနှစ်ဦးပျောက်ဆုံးသွားရာမှ ရုပ်အလောင်း ၁၇ လောင်းကိုသာ ပြန်လည်တွေ့ရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ကျောင်းသားတစ်ဦးကို အသက်ရှင်လျက်ပြန်တွေ့ပြီး ဆေးရုံတွင် ကုသမှုပေးနေကြောင်း ဒေသသဘာဝဘေးစီမံခန့်ခွဲရေးရုံးတာဝန်ရှိသူ ဒါဝန်ဆာဘတ်တီက ပြောသည်။ ကျန်ပျောက်ဆုံးနေဆဲ လေးဦးကို ရှာဖွေရေးအား မေ ၁၇ ရက်တွင် ပြန်လည်စတင်မည်ဖြစ်သည်။

 “ကယ်ဆယ်ရေးသမားတွေက အလောင်း ၁၇ လောင်းတွေ့ရှိတယ်။ ၁၄ လောင်းကိုတော့ ရယူနိုင်ခဲ့ပြီး ကျန်သုံးလောင်းက မြေကြီးအပျက်အစီးတွေအောက်မှာပဲ ရှိနေသေးတယ်။”ဟု ဆာဘတ်တီက ပြောသည်။

 ရေကြီးမြေပြိုမှုသည် ဆီဘေလန်ဂစ်အရပ်ရှိ ဒူယာဝါနာရေတံခွန်တွင် ဖြစ်ပွားခြင်းဖြစ်ကာ ယင်းအချိန်တွင် ကျောင်းသားပေါင်း ၇၀ ကျော် ရောက်ရှိနေချိန်လည်းဖြစ်သည်။

 ရုပ်အလောင်းခြောက်လောင်းအား ရေတံခွန်အောက် သုံးကီလိုမီတာအကွာတွင် ပြန်လည်တွေ့ရှိခြင်းကြောင်း ဆာဘတ်တီက ပြောသည်။

 ယင်းဘေးအန္တရာယ်ကြုံတွေ့နေသူများအား စစ်သား၊ ရဲနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင် အင်အား ၃၀၀ နီးပါးဖြင့် ရှာဖွေလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly