မန္တလေး၊ မေ ၁၃ ။ ။ မန္တလေးမြို့မီးသင့်မင်္ဂလာဈေးကို အကြီးစားပြန်လည်ပြင်ဆင်ရန် ဈေးသူဈေးသားများက လိုလားကြောင်း မေ ၁၃ ရက်၊မွန်းလွဲ ၂ နာရီက ဆီမီးထွန်းကျောင်းတိုက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတက်ရောက်လာသော ဈေးသူဈေးသားအများစုသည် မင်္ဂလာဈေးကို အကြီးစားပြုပြင်မွမ်းမံမှုများပြုလုပ်ပြီး ဆိုင်ခန်းများကို မူလအတိုင်း ပြန်လည်ပေးစေချင်သည်ဟု ဆိုကြသည်။
မီးဘေးသင့်ဆိုင်ခန်းပိုင်ရှင် ကိုကျော်စိုးက"အားလုံးက ဈေးကိုအသစ်တည်ဆောက်ရင် မူလအတိုင်းပြန်မရမှာကိုစိုးရိမ်တယ်။ ပြီးတော အသစ်တည်ဆောက်မယ်ဆိုရင်လည်း ဆိုင်ခန်းပြန်ရဖို့ငွေမသွင်းနိုင်ကြဘူး။ ဒါကြောင့်အကြီးစားပြင်ဆင်မှုကို ပဲလိုလားကြတာပါ။ ဒီနေ့သတင်းစာရှင်းလင်းပွဲလုပ်တာကလည်း ဒီအတွက်ပါပဲ။ ကျွန်တော်တို့ဈေးသူဈေးသားတွေအနေနဲ့ အသစ်တည်ဆောက်မှာကို မလိုလားဘူး။ပြုပြင်မှုပဲလုပ်ပေးပါလို့ စည်ပင်ကို ဒီနေရာကနေတောင်းဆိုပါတယ်။"ဟုပြောသည်။
အဆိုပါမီးသင့်သွားသော မင်္ဂလာဈေးကို အသစ်တည်ဆောက်ရန်နှင့်အကြီးးစားပြုပြင်မှုပြုလုပ်ရန် ဈေးသူ၊ဈေးသားများကို ဆန္ဒမဲ ကောက်ခံ၍ ဆုံးဖြတ်သွားမည်ဟုလည်း ဈေးအကျိုးတော်ဆောင်များကဆိုသည်။
သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လာသော ဈေးအကျိုးတော်ဆောင် ဦးမောင်က "ဈေးသူ၊ဈေးသားတွေက အသစ်တည်ဆောက်ချင်တာလား၊ပြန်ပြုပြင်ချင်တာလားဆိုတာ မဲစနစ်လုပ်သွားမယ်။" ဟုပြောသည်။
အသစ်တည်ဆောက်ရန်နှင့်ပြန်လည်ပြုပြင်ရန်ကို ဈေးသူ၊ဈေးသားများအနေဖြင့် စဉ်းစားဆုံးဖြတ်ပါဟု မေ ၉ရက်နေ့က ဈေးသူဈေးသားများဖြင့်တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောထားသည်။
အဆိုပါမင်္ဂလာဈေးသည် မတ်၂၂ ရက်၊ညနေ ၅ ၊၃၀ မိနစ်က မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၂၉၇ခန်းမီးလောင် ဆုံးရှုံးခဲ့သည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။
မီးလောင်ရသည့် အကြောင်းအရင်းကို ယနေ့အချိန်ထိ မသိရသေးကြောင်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာသော ဈေးသူဈေးသားများကဆိုသည်။