ဘန်ကောက်၊ မေ ၈ ။ ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ Universal Periodic Review Working Group (UPR) က ထိုင်းနိုင်ငံ၏ ကျဆင်းလာသည့် လူ့အခွင့်အရေးအခြေအနေအပေါ် သုံးသပ်မှုနှင့်ပတ်သက်သော အစီရင်ခံစာကို မေ ၁၁ ရက်တွင် ထုတ်ပြန်မည်ဖြစ်ရာ အဆိုပါ အစီရင်ခံစာကို ထောက်ခံမည့် နိုင်ငံနှင့် အဖွဲ့အစည်းအရေအတွက် များလာနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက သတိပေးလိုက်သည်။
အဆိုပါအဖွဲ့၏ ထိုင်းနိုင်ငံအပေါ် ပထမဆုံးအကြိမ် အစီရင်ခံစာကို ၂၀၁၁ ခုနှစ်က ထုတ်ပြန်ခဲ့ရာ ၁၈၃ နိုင်ငံက ထောက်ခံခဲ့သည်။
ထိုင်းနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် သိသိသာသာ ကျဆင်းလာသောကြောင့် ယခုအကြိမ်တွင် အစီရင်ခံစာကို ထောက်ခံသည့်အရေအတွက် ပိုမိုများပြားလာဖွယ်ရှိကြောင်း Thailand at Human Rights Watch's Asia division ၏ အကြီးတန်းသုတေသနအရာရှိ ဆူနိုင်းဖက်ဆွတ်က ပြောကြားသည်။
"လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး စစ်တပ်အာဏာသိမ်းပြီးကတည်းက အခြားနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် အာရုံစိုက်လာကြပါတယ်။ ဘယ်တုန်းကမှ အဲဒီလောက်မများခဲ့ပါဘူး" ဟု ၎င်းက ပြောကြားသည်။
အာဏာသိမ်းအစိုးရအပေါ် ဝေဖန်သူများ၊ အတိုက်အခံများနှင့် ဆက်နွှယ်နေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပြင်းထန်စွာ အရေးယူမှုများ လုပ်ဆောင်ပြီးနောက် စစ်အစိုးရအပေါ် ဝေဖန်မှုများ ပိုမိုမြင့်တက်လာပြီး ယခုကဲ့သို့ သတိပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ချန်ချောင်ချန်ယာနွတ်ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့သည် UPR သို့ အကောင်းဆုံးရှင်းလင်းသွားမည်ဖြစ်သော်လည်း သူတို့၏ ရှင်းလင်းချက်များသည် လက်တွေ့ဖြစ်ပျက်နေသည့် အခြေအနေများကို ထင်ဟပ်စေမည်မဟုတ်ကြောင်း ဆူနိုင်းက ပြောကြားသည်။
ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် နာမည်ကောင်းရလိုပါက နိုင်ငံတကာ၏ သတိပေးမှု၊ စိုးရိမ်မှုများကို လေးစားအသိအမှတ်ပြုရန် လိုကြောင်း ဆူနိုင်းက ပြောသည်။