မေ ၆၊ လန်ဒန် ။ ။ အာဆင်နယ်အသင်းမှ အင်္ဂလန်အလယ်တန်းကစားသမား ချိန်ဘာလိန်သည် ရရှိထားသည့် ဒူးဒဏ်ရာကြောင့် လာမည့် ယူရို ၂၀၁၆ ပြိုင်ပွဲကို လွဲချော်ရတော့မည် ဖြစ်သည်။
ချိန်ဘာလိန်သည် ထိုဒူးဒဏ်ရာကို ယခုတစ်ပတ် လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ရက်သတ္တပတ် ရှစ်ပတ်နီးပါး အနားယူရမည် ဖြစ်သည့်အတွက် လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပမည့် ယူရိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။
'ချိန်ဘာလိန် ယူရိုပြိုင်ပွဲသွားဖို့ အခွင့်အရေးမရှိတော့ပါဘူး။ ဒီသတင်းကို အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်ကို မပြောရသေးပါဘူး။ မနေ့က ကျွန်တော့်တစ်ယောက်ကိုပဲ အသိပေးသေးလို့ပါ။
အသင်းရဲ့ ဆေးအဖွဲ့၊ ချိန်ဘာလိန်တို့နဲ့ ကျွန်တော် စကားပြောခဲ့ပြီးပါပြီ။ လာမယ့် ဇူလိုင်လအထိ သူကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါက တကယ့် သတင်းဆိုးပါပဲ။
အသက် ၂၂ နှစ်အရွယ်လူငယ်တစ်ယောက်က ယူရိုပြိုင်ပွဲကို ကစားချင်မှာပါပဲ။ တကယ်ဝမ်းနည်းဖို့ကောင်းပါတယ်။ သူက ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ အောင်မြင်မှုမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်သူလည်း ဖြစ်ပါတယ်' ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။
ရည်ညွှန်း ဖိုးဖိုးတူး