ရခိုင်စစ်အတွင်း ဥပဒေမဲ့ ကျူးလွန်မှုအထောက်ထားများ တာဝန်ရှိသူထံ တင်ပြထားဟု ဆို

ရခိုင်စစ်အတွင်း ဥပဒေမဲ့ ကျူးလွန်မှုအထောက်ထားများ တာဝန်ရှိသူထံ တင်ပြထားဟု ဆို
ရခိုင်နယ်စပ်၊ ပလက်ဝဒေသရှိ ALA တပ်မတော်သားများ (ဓာတ်ပုံ - ALA/ALA)

မေ ၂ ရက် ။               ။ ရခိုင်ပြည်တွင်းစစ်အတွင်း ဒေသခံပြည်သူများကို လမ်းပြနှင့် အထမ်းသမားများအဖြစ် အဓမ္မစေခိုင်းနေမှု၊ ညှင်းပန်းနှိပ်စက်မှုများစသည့် ဥပဒေမဲ့ ကျူးလွန်ခဲ့သော အထောက်အထားများကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနသို့ ပေးပို့တင်ပြထားပြီ ဖြစ်ကြောင်း သိရသည်။

"အထူးသဖြင့် စစ်ပွဲကာလမှာ ပေါ်တာဆွဲခဲ့တာတွေ၊ ရိုက်နှက်တာတွေပေါ့။ ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်တွေ၊ တကယ် နှိပ်စက်ခံခဲ့ရတဲ့သူ ၂၀ လောက်ကို ကျွန်တော်တို့ လူတွေ့ မေးမြန်းအင်တာဗျူးထားတဲ့ သက်သေတွေရှိပါတယ်။ ဒါကို ကျွန်တော်တို့ ပေးပို့ခဲ့တာပါ။" ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုဥက္ကဌ ခိုင်မျိုးထွန်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ဧပြီ ၂၄ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကြေညာချက်အတွင်း မြန်မာ့တပ်မတော်မှ ဥပဒေမဲ့ ကျူးလွန်မှုများ ရှိခဲ့ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။

ယင်းနောက် ဧပြီ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA ၏ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အထောက်အထားမဲ့ ထုတ်ပြန်ခြင်းဖြစ်လျှင် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် သက်သေခိုင်လုံပါက မိမိတို့ကို တင်ပြရန်၊ အမှန်တကယ် ကျူးလွန်ခဲ့သည်ဟု စီစစ်တွေ့ရှိပါက ကျူးလွန်ခဲ့သော တပ်မတော်သားမည်သူကိုမဆို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက သတိပေးပြောကြားခဲ့ပြီး မေ ၁ ရက်နေ့တွင် ALP/ALA မှ ယခုလို သက်သေအထောက် အထားများကို ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ALP/ALA ပြန်ကြားရေးတာဝန်ခံ ခိုင်မျိုးထွန်းက ပြောကြားခဲ့သည်။

"သူတို့က သက်သေရှိရင် အရေးယူပေးမယ်လို့ ပြောတယ်။ သက်သေတွေ ပေးပို့ထားပြီးပြီ။ ဆက်လက် စောင့်ကြည့်နေတယ် သူတို့ ဘယ်လို ဆောင်ရွက်မလဲဆိုတာ။ အချိန်အတိုင်းအတာတစ်ခုထိပေါ့။ တုံ့ပြန်မှုမရှိဘူးဆိုရင် ကျနော်တို့မှာ သူတို့ကို ပေးပို့ခြင်းတွေထဲမှာ ချန်ထားခဲ့တဲ့ နောက်ထပ် သက်သေတွေအများကြီး ရှိသေးတယ်။ အားလုံး မပို့ဘူးဆိုတာက ပထမဆုံး သူတို့ရဲ့ ဥပဒေကို လိုက်နာမှုကို သိချင်လို့ပဲ။ အဲဒါတွေကို မတုံ့ပြန်ခဲ့ဘူးဆိုရင် ပြည်သူလူထုတရပ်လုံးကို ရှင်းလင်းတဲ့အဆင့် ကျွန်တော်တို့သွားမှာပါ"

မဇ္ဈိမသတင်းဌာနမှ ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းသို့ ယခုကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် တယ်လီဖုန်းဖြင့် ဆက်သွယ်ခေါ်ဆိုခဲ့ပါသော်လည်း လက်ခံ ဖြေဆိုခဲ့ခြင်း မရှိပါ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly