အသုဘတွင်သုံးရန် စက္ကူဖြင့်ပြုလုပ်သော Gucci တံဆိပ်ပုံစံတူပစ္စည်းများ ရောင်းချသည့် ဟောင်ကောင်ရှိစျေးဆိုင်များကို Gucci သတိပေး

အသုဘတွင်သုံးရန် စက္ကူဖြင့်ပြုလုပ်သော Gucci တံဆိပ်ပုံစံတူပစ္စည်းများ ရောင်းချသည့် ဟောင်ကောင်ရှိစျေးဆိုင်များကို Gucci သတိပေး

ဟောင်ကောင်၊ ဧပြီ၊ ၂၉ ။            ။ အသုဘအခမ်းအနားများတွင် သေသူကိုရည်စူးပြီး မီးရှို့ရန်အတွက် စက္ကူဖြင့်ပြုလုပ်ထားသည့် Gucci တံဆိပ်ပုံစံတူ ပစ္စည်းများ ထုတ်လုပ်ရောင်းချလျှက်ရှိသော   ဟောင်ကောင်ရှိဈေးဆိုင်များကို ကမ္ဘာကျော် ဖက်ရှင်လုပ်ငန်းကြီး Gucci က သတိပေးစာများပေးပို့ခဲ့သည်။

တရုတ်ရှေးဟောင်းရိုးရာယုံကြည်မှုတစ်ရပ်အရ ကွယ်လွန်သွားသူ တမလွန်တွင်အသုံးပြုနိုင်ရန် ရည်မှန်း၍ ရွှေစက္ကူ၊ ငွေစက္ကူများမီးရှို့ပေးသည့် အလေ့အထရှိလာခဲ့ရာ ယနေ့ခေတ်တွင် ကား၊ iPhone၊ iPads စသည့် ခေတ်ပေါ်ဇိမ်ခံပစ္စည်း များကိုပါ စက္ကူနှင့်ပုံစံတူပြုလုပ်ပြီး မီးရှို့ပေးပို့လျှက်ရှိသည်။

ဟောင်ကောင်တွင် ထိုကဲ့သို့ မီးရှို့ပေးပို့ရန် ရောင်းချသော စက္ကူဖြင့် ပြုလုပ်ထားသော ခေတ်ပေါ်ဇိမ်ခံပစ္စည်းများထဲ၌ Gucci အမှတ်တံဆိပ်ပစ္စည်းများပါ ပါဝင်လျှက်ရှိနေရာ ယခုအခါတွင် Gucci က ၎င်း၏ကုန်ပစ္စည်းများကို စက္ကူဖြင့် ပုံစံတူပြုလုပ်ရောင်းချနေသူများထံ သတိပေးစာပေးပို့လိုက်ခြင်း ဖြစ်သည်။

၎င်းတို့အနေဖြင့် ဓလေ့ထုံးတမ်းအရဈာပနအခမ်းအနားအစဉ်အလာများကို လေးစားသော်လည်း ဆိုင်ပိုင်ရှင်များအနေနှင့်မူ Gucci ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကို ချိုးဖောက်၍မရကြောင်း Gucci ၏ သတိပေးစာထဲတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ Gucci က သတိပေးစာပေးပို့ပြီးနောက်တွင် ဟောင်ကောင်ရှိအချို့ဆိုင်များက ၎င်းတို့ဆိုင်ရှိ စက္ကူနှင့်ပြုလုပ်ထား သော Gucci ပစ္စည်းပုံစံတူများကိုဖယ်ရှားခဲ့သော်လည်း Louis Vuitton ၊ Yves St Laurent ၊  Burberry နှင့် New Balance တို့အပါအဝင်အခြားသော ကမ္ဘာကျော်အမှတ်တံဆိပ်များ၏ ပုံစံတူပစ္စည်းများကိုမူ ဆိုင်များပေါ်တွင် မြင်တွေ့နေရဆဲ ဖြစ်သည်။

Gucci ကထိုကဲ့သို့ သတိပေးစာပေးပို့မှုနှင့်ပတ်သတ်ပြီး ဟောင်ကောင်လူမှုကွန်ယက်သုံးစွဲသူများကြားတွင် ဟာသာလုပ် လှောင်ပြောင်မှုများ ထွက်ပေါ်လျှက်ရှိရာ '' Gucci က တမလွန်မှာပါ ဆိုင်ခွဲဖွင့်တော့မလို့လား '' ဟုနောက်ပြောင်ထားသည့် ပို့စ်တစ်ခုကိုလည်း တွေ့မြင်ရသည်။

မည်သည့်ဆိုင်များက ၎င်းတို့၏ ပစ္စည်းများကို စက္ကူများဖြင့်ပုံစံတူပြုလုပ်ရောင်းချနေသည်ဆိုသည်ကိုမူ Gucci ကမထုတ်ပြန်ခဲ့သလို ဆိုင်ဘယ်နှစ်ဆိုင်ထံ သတိပေးစာပေးပို့ခဲ့သည်ဆိုသည်ကိုလည်း ထုတ်ပြန်ခဲ့ခြင်း မရှိချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly