ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် စက်သုံးဆီနှင့် စားနပ်ရိက္ခာ သယ်ယူခွင့်များ ကန့်သတ်ခံရ

ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် စက်သုံးဆီနှင့် စားနပ်ရိက္ခာ သယ်ယူခွင့်များ ကန့်သတ်ခံရ

တိုက်ပွဲဖြစ်ပွားနေသည့် ကရင်နီပြည်နယ်နှင့် နီးကပ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့တွင် စက်သုံးဆီနှင့် စားနပ်ရိက္ခာ သယ်ယူခွင့်များ ကန့်သတ်ပိတ်ပင်ခံရ မှုများရှိနေကြောင်း ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများထံက သိရသည်။

ဆီဆိုင်မြို့နယ်တွင် လွန်ခဲ့သည့် တပတ်ကစတင်ပြီး စက်သုံးဆီ ပီပါလိုက်ဝယ်ယူသူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် ထောက်ခံစာယူရန် စစ်ကောင်စီဘက်က ညွှန်ကြားထားကြောင်း သိရသည်။

“ဆီဆိုင်ဘက်ကတော့ စက်သုံးဆီတွေ ကန့်သတ်ခံနေရတယ်။ အဓိကကတော့ ရှမ်း -  ကယားနယ်စပ်လည်းဖြစ်တာပေါ့နော်။ သူတို့ရိုးရိုးကားဆီတွေဘာတွေထည့်တာကတော့ ကိစ္စမရှိဘူး။ အဲ့ဒီလိုပီပါလိုက်ဝယ်တဲ့သူတွေဆိုရင်တော့ အုပ်ချုပ်ရေးမှူးထောက်ခံစာယူရတယ်ဗျ”ဟု ဆီဆိုင်မြို့နယ်ရှိ စစ်ဘေးရှောင်များအား အကူအညီပေးနေသူတဦးကပြောသည်။

လက်ရှိ ဆီဆိုင်မြို့နယ်တွင် ကရင်နီပြည်နယ်ဘက်မှလာရောက်သည့် စစ်ဘေးရှောင်အရေအတွက် ၃၀,၀၀၀ကျော်အထိရှိနေပြီး ကျန်းမာရေးအတွက် ဆေးဝါးများ၊ စားနပ်ရိက္ခာများ၊ အနွေးထည်များနှင့် စောင်၊ ​ခေါင်းအုံးများ စသည့် အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိမှာတော့ အခက်အခဲတွေကအများကြီးပဲ။ local ဒေသခံတွေတောင်မှ အခုချိန်ဆိုရင် အဓိကက ဆန်၊ ဆေးဝါးပိုင်းပေါ့။ အခုဆိုရင်ထပ်တိုးလာတာ ဓာတ်ဆီပိုင်းပေါ့ ဒါတွေကို သယ်ဖို့က အခက်အခဲဖြစ်တယ်။ နောက်တခုက ဒီအချိန်က တောင်ယာလုပ်ပြီးတဲ့အချိန်ဆိုတော့ ဒေသခံတွေက အဓိကက ပြောင်းတွေဘာတွေရောင်းဖို့အတွက် သွားဖို့လာဖို့အတွက် ဆီက အဓိကလိုအပ်တယ်”ဟု ဆိုသည်။

ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်သည့် ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီတပ်က ရှမ်း- ကရင်နီအစပ် ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင် ကန့်သတ်မှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်သည်။

လတ်တ​​လော တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ် လွိုင်ကော်မြို့သို့ ကုန်စည်ပို့ဆောင်နိုင်သည့် လမ်းကြောင်းတခုဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းလမ်းခွဲတွင်လည်း စစ်​ကောင်စီတပ်က ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးနှင့် စက်သုံးဆီသယ်ဆောင်ခွင့် တားမြစ်ထားကြောင်း ပင်လောင်းမြို့နယ်ရှိ ဒေသခံများထံက သိရသည်။

ထိုသို့ စားနပ်ရိက္ခာများ ကန့်သတ်ထားသည်မှာ ၁၅ ရက်ခန့်ရှိလာပြီဖြစ်ကာ ပင်လောင်းမြို့နယ်ရှိ ဒေသခံများအတွက်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 “သူကအကုန်လုံးပိတ်ထားတယ်ဗျ။ အောင်ပန်းလမ်းခွဲကနေအစပဲ ။ ကျွန်တော်တို့ ဒီတောင်ဘက်ကို ကယားဘက်သွားမယ့်လမ်းတွေအကုန်လုံးပိတ်ထားတယ်ဗျ”ဟု ဒေသခံတဦးကပြောသည်။

ကရင်နီပြည်နယ်တွင် လက်ရှိ တိုက်ပွဲများပိုမိုပြင်းထန်လာမှုနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်းရှိမြို့နယ်များတွင်လည်း စစ်ဘေးရှောင်ဦးရေများ ပိုမိုတိုးလာကြောင်း အကူအညီပေးနေသူများထံကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စက်သုံးဆီ
#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly