ထိုင်း၌ လိင်တူ ထိမ်းမြားလက်ထပ်ခြင်း တရားဝင်မည်

By LGBTQ Nation
14 December 2023
ထိုင်း၌ လိင်တူ ထိမ်းမြားလက်ထပ်ခြင်း တရားဝင်မည်
Photo-AFP

လိင်တူ ထိမ်းမြားလက်ထပ်ခြင်းကို အသိအမှတ်ပြုထားသည့် အာရှနိုင်ငံ နှစ်နိုင်ငံသာ ရှိသေးသော်လည်း ထိုင်းနိုင်ငံက နိုင်ငံသားများအား ထိမ်းမြားလက်ထပ်ခြင်း သာတူညီမျှမှုကို ပေးအပ်မည့် နောက်ထပ် နိုင်ငံ ဖြစ်လာတော့မည် ဖြစ်သည်။

လိင်တူ လက်ထပ်မှုကို တရားဝင်အသိအမှတ် ပြုမည်ဖြစ်သော ဥပဒေကြမ်းတရပ်ကို ထိုင်းအစိုးရအဖွဲ့က မကြာသေးခင်က အတည်ပြုလိုက်ခြင်းပဲ ဖြစ်သည်။ အဆိုပါ နိုင်ငံ၏ ဥပဒေများကို ပြင်ဆင်ချက်အား ယခုလအတွင်း  လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။

လူမှုစီးပွားဥပဒေ ပြင်ဆင်ချက်၌ “အမျိုးသားနှင့် အမျိုးသမီး” “ခင်ပွန်းနှင့် ဇနီး” ဆိုသော စကားလုံးနေရာတွင် “လူပုဂ္ဂိုလ်တို့” နှင့် “အိမ်ထောင်ဖက်” ဆိုသော စကားလုံးများကို ပြောင်းလဲပြင်ဆင်မည် ဖြစ်သည်။ နောက်ထပ် လုပ်ဆောင်ချက်အဖြစ် နိုင်ငံ၏ ပင်စင်ရန်ပုံငွေတွင် လိင်တူစုံတွဲအား အသိအမှတ်ပြုသည့် ပြင်ဆင်ချက်ပင် ဖြစ်သည်။

လက်ရှိ၌ ထိုင်ဝမ်နှင့် နီပေါနိုင်ငံသာ လိင်တူစုံတွဲ တန်းတူညီမျှမှု အခွင့်အရေးကို အာမခံပေးထားသည်။

ထိုင်းနိုင်ငံအနေဖြင့် ထိမ်းမြားလက်ထပ်ခြင်း တန်းတူညီမျှမှု ဥပဒေပြုရေးအတွက် လုံးပမ်းနေခဲ့သည်မှာ နှစ်အနည်းငယ် ရှိနေပြီ ဖြစ်သည်။ ထိုင်းနိုင်ငံသည် လိင်တူချစ်သူများအပေါ် ဖော်ရွေမှု ရှိသော နိုင်ငံများမှ တနိုင်ငံဖြစ်သော်လည်း လွှတ်တော်အမတ်များက ဆွေးနွေးငြင်းခုံခြင်းထက် မကျော်လွန်ခဲ့ပေ။ လက်ရှိ အစိုးရသစ်သည် ယင်း အရေးအတွက် စည်းရုံးလှုံ့ဆော်ပြီး ကြိုးပမ်းဆောင်ရွက်ကာ ဥပဒေ အသက်ဝင်စေမည်ဟု ကတိကဝတ်ပြုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly