မတ္တရာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၂ဉီးအပါအဝင် ၃ဦးသေဆုံး၊ ၁,၀၀၀ခန့် ဘေးလွတ်ရာထွက်ပြေး

By 008၊007
14 December 2023
မတ္တရာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၂ဉီးအပါအဝင် ၃ဦးသေဆုံး၊ ၁,၀၀၀ခန့် ဘေးလွတ်ရာထွက်ပြေး
ပုံစာ - မတ္တရာမြို့နယ်၊ဆူးလေကုန်းကျေးရွာကို ဒီဇင်ဘာ ၁၃ရက်၊ည ၉နာရီကျော်က မီးရှို့ခံနေရစဉ် (ဓါတ်ပုံ - Patheingyi Reporter)

မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က အရပ်သားများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်ရာ  ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ အုန်းလွတ်၊သဖန်းဒေါင့်၊သနပ်ကုန်းနှင့်သဖန်းကိုင်း​ကျေးရွာတို့ကို ဒီဇင်ဘာ ၁၃ရက် ည ၈နာရီခန့်မှစတင်၍ စစ်ကောင်စီတပ်က  လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟု  ဒေသခံများက ပြောသည်။ ထိုပစ်ခတ်မှုကြောင့်  သဖန်းကိုင်းကျေးရွာမှ အသက်၁၀နှစ်နှင့် ၁၄နှစ်အရွယ် ကလေးနှစ်ဦး၊အသက် ၄၅နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့ကြောင်း မတ္တရာမြို့နယ်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

"၈ နာရီလောက်ကတည်းက ရမ်းပစ်နေတာဗျ။၉ နာရီလောက် မှာရွာတွေဘက်ကျတယ်။သဖန်းကိုင်းကတော့ လူနေအိမ်တွေအနီးကျတော့ ထိခိုက် သေဆုံးတာတွေ ဖြစ်ကုန်တယ်။ဖြစ်ဖြစ်ချင်း ကျွန်တော်တို့အဖွဲ့တွေက ရွာတွေထဲ ချက်ချင်း ဝင်လို့မရဘူး။ထွက်ပြေးလာတဲ့သူတွေကိုပဲ ကူညီပေးရတယ်။အခုမနက်တော့ သေဆုံးတဲ့သူတွေကို သဂြိုလ်ဖို့ ကိစ္စလုပ်နေပါတယ်"ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်သည် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များအား မီးရှို့နေခြင်းများကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရ​​ကြောင်းသိရသည်။

"ကျွန်မတို့ သဖန်းကိုင်းအပါအဝင် သဖန်းဒေါင့်၊သနပ်ကုန်း၊အုန်းလွတ် အကုန်ထွက်ပြေးရတယ်။ရွာထဲပြန်မဝင်ရဲသေးဘူး။အားလုံး လူ ၅၀၀ကျော် ၁,၀၀၀နီးပါးတော့ ရှိမှာပေါ့။အကုန်က ရွာကြီးတွေပဲ"ဟုဒေသခံအမျိုးသမီးတဦးကပြောသည်။

ဒီဇင်ဘာ ၁၂ရက် နံနက်က မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့အကြမ်းဖက်တိုက်ခိုက်လာခြင်းဟု ဒေသခံများကပြောသည်။

ဘုန်းကြီးကျောင်းဝင်းထဲမှ စစ်‌ကောင်စီတပ်ကို TNLA ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေဆုံးပြီး နှစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊PDFရဲ ဘော်တဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) စစ်ဦးစီးအဖွဲ့က ယမန်‌နေ့ ဒီဇင်ဘာလ ၁၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီသတင်းများဖော်ပြပေးနေသည့် တယ်လီဂရန်ချန်နယ်များတွင် PDF ရှစ်ဆယ်ဦးခန့်က ဒရုန်း၊လက်နက်ကြီး ငယ်များဖြင့်လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  PDF အလောင်းတလောင်းနှင့်သေနတ်တလက် ရရှိခဲ့သည်ဟု   ဖော်ပြထားသည်။

မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၇ ရက်နေ့နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲငြိမ်သက် နေရာမှ ယခုအခါတွင် စစ်ရေးပြန်လည်တင်းမာလာခြင်းဟု ဒေသခံများက ပြောသည်။လက်ရှိတွင် စစ်ကောင်စီတပ်သည် မတ္တရာမြို့အရှေ့ခြမ်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ရေးတင်းမာနေကြောင်းသိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required