မလေးရှားတွင် မြေရှားဒြပ်စင်များ တရားမဝင် တူးဖော်မှုဖြင့် မြန်မာ ၄ ဦး အပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

By Malay Mail
14 December 2023
မလေးရှားတွင် မြေရှားဒြပ်စင်များ တရားမဝင် တူးဖော်မှုဖြင့် မြန်မာ ၄ ဦး အပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ
Photo-AFP

မလေးရှားနိုင်ငံ ပီရက်ပြည်နယ်ရှိ ကြိုးဝိုင်းသစ်တောတခုတွင် မြေရှားသတ္တုဒြပ်စင်များ ပါဝင်သည့် သတ္တုရိုင်းသိုက်ကို တရားမဝင် တူးဖော်မှုအတွက် မြန်မာနိုင်ငံသား လေးဦး အပါအဝင် လူ ၃၁ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ပီရက်ပြည်နယ်ရဲတပ်ဖွဲ့သည် ပြည်နယ် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းပြီး စီးနင်းဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဒါတွတ်ဆရီ မိုဟ် ယူဆရီ ဟက်ဆန် ဘက်စရီက ပြောသည်။

ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဘင်တန် ဟီဂျာ ကြိုးဝိုင်းသစ်တော၌ လုပ်ဆောင်သည့် စီးနင်းမှုတခုအတွင်း လူ ၂၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ၎င်းက ပြောသည်။

“သူတို့ထဲက ကိုးယောက်က မလေးရှားနိုင်ငံသားတွေပါ။ ကျန်တာတွေကတော့ နိုင်ငံခြားသားတွေပါ။ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေမှာ နောက်ထပ် သံသယရှိသူ သုံးယောက်ကိုလည်း ဖမ်းမိခဲ့ပါတယ်။

မလေးရှားတဦးနဲ့ နိုင်ငံခြားသားနှစ်ဦးပါ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခဲ့သည့် နိုင်ငံခြားသားများမှာ အသက် ၂၃ နှစ်မှ ၆၉ နှစ်အထိ အသက်အပိုင်းအခြားများအသီးသီး ရှိပြီး ၎င်းတို့ထဲတွင် တရုတ်အမျိုးသား ၁၆ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား သုံးဦး၊ မြန်မာအမျိုးသမီးတဦးနှင့် ဗီယက်နမ် အမျိုးသမီးတဦး တို့ ပါဝင်ကြောင်းလည်း ၎င်းက ပြောသည်။

“ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားအားလုံးမှာ တရားဝင် ခရီးသွား အထောက်အထားတွေ ရှိမနေပါဘူး။ သူတို့ကို ရဲတပ်ဖွဲ့က လူဝင်မှု အက်ဥပဒေ ၁၉၅၉/၆၃ ရဲ့ ပုဒ်မ ၆ (၁) (ဂ) နဲ့ ပုဒ်မ ၅၅(ခ) တို့အရ အမှုဖွင့်စစ်ဆေးနေပါတယ်” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံသား သံသယရှိသူများကို သုံးရက် ရမန်ပေးပြီး နိုင်ငံခြားသားများကို ၁၄ ရက် ချုပ်မိန့်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အလားတူ သစ်တောဦးစီးဌာနကလည်း အမျိုးသား သစ်တော အက်ဥပဒေ ၁၉၈၄ (အက် ၃၁၃) အောက်ရှိ ပြစ်မှုများအတွက် သီးခြားစွဲချက်များ ဖွင့်လှစ်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly