ထိုင်း မြန်မာနယ်စပ်အနီး မူးယစ်ဆေးဝါး သန်း ၅၀ ကျော် စံချိန်တင် ဖမ်းမိ

ထိုင်း မြန်မာနယ်စပ်အနီး မူးယစ်ဆေးဝါး သန်း ၅၀ ကျော် စံချိန်တင် ဖမ်းမိ

ထိုင်း မြန်မာနယ်စပ်အနီးမှာ မီသာဖက်တမင်းဆေးပြား သန်း ၅၀ ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေး ပြား အများဆုံးဖမ်းဆီးရမိမှုနဲ့ အာရှတိုက်မှာ ဒုတိယအများဆုံး ဖမ်းဆီးရမိမှုဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

အဆိုပါစိတ်ကြွဆေးများကို ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာပူရီခရိုင်ရှိ လုံခြုံရေးဂိတ်တစ်ခုမှာ ဒီဇင်ဘာ ၁၂ ရက်က ထိုင်းရဲတွေနဲ့စစ်သားတွေက ခြောက်ဘီးထရပ်ကားတစ်စီးကို တားဆီးစစ်‌ဆေးချိန်မှာ ဖမ်းမိခဲ့‌ တာဖြစ်တယ်လို့  ထိုင်းရဲတပ်ဖွဲ့ကပြောကြားထားပါတယ်။

ကုန်တင်ကားပေါ်မှာပါလာတဲ့ အမျိုးသားတစ်ဉီးနဲ့ အမျိုးသမီးတစ်ဉီးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ကားမောင်းသူရဲ့ ဝန်ခံထွက်ဆိုချက်အရ စိတ်ကြွဆေးပြားတွေကို တဖက်နိုင်ငံဖြစ်တဲ့ မြန်မာဘက်က မူးယစ်ကုန်သည်တွေက သယ်ဆောင်လာတာ လို့ဆိုပါတယ်။

မူးယစ်ဆေးတွေကို လာပို့သူတွေကလည်း မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ထိုင်းနိုင်ငံမှာ နယ်စပ်ဒေသတလျှောက် မူးယစ်ဆေးဝါး ကုန်သွယ်မှု ကြီးထွားလာနေတာကြောင့် အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေတယ်လို့ ဒီရက်ပိုင်းမှာပဲ ကန်ချနဘူရီ ပြည်နယ်ကို လာရောက်ပြီး လူထုနဲ့တွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ဆေထာ ထဝီစင်က ပြောပါတယ်။

ကန်ချနဘူရီနယ်မှာ အခု ဖမ်းဆီးရမိတဲ့ ဘတ်သန်းပေါင်း ၁၅၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဟာ အခု ဆယ်စုနှစ်အတွင်းမှာ အများဆုံး ဖမ်းဆီး ရမိခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နယ်စပ် မူးယစ်ဆေး ကုန်သွယ်မှု အန္တရာယ်ကို အဆိုးဝါးဆုံး ရင်ဆိုင်နေရပြီး အဓိက အားဖြင့် စိတ်ကြွဆေးပြား ပြဿနာကို အရေးပေါ်ဖြေရှင်းဖို့ လိုအပ်နေကြောင်းနဲ့ အစိုးရသစ်တက်လာတဲ့ ၃ လ တာ ကာလအတွင်းမှာ နယ်စပ်ဒေသတကျော တာဝန်ထမ်းဆောင်နေတဲ့ နယ်စပ်လုံခြုံရေး နဲ့ ရဲတပ်ဖွဲ့ စတဲ့ အရေးကြီးတဲ့ ဌာနတွေမှာ အရာရှိအသစ်တွေ ခန့်အပ်သွားမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ကဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ UNODC အရှေ့တောင်အာရှဆိုင်ရာကိုယ်စားလှယ် Jeremy Douglas ဂျရီမီးဒေါက်ဂလပ်စ် က ရွှေတြိဂံဒေသအနီး လာအိုနိုင်ငံတွင်း မီသာဖက်တမင်းဆေးပြား ၅၅ သန်းကျော် ဖမ်းဆီးရမိပြီးနောက် အခု ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပမာဏတွေထဲမှာ ဒါဟာ အများဆုံးဖြစ်ပြီး ကန်ချနာဘူရီဒေသမှာ အခုလိုအဖြစ်ပျက်မျိုး မကြုံဖူးဘူးလို့ ဆိုပါတယ်။

အာရှတိုက်ရှိ ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာထုတ်လုပ်တဲ့ မီသာဖက်တမင်းဆေးပြားတွေကို မှောင်ခိုကူးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်နေ ပြီး မူးယစ်ဆေးဖြန့်ချိရေးကွန်ရက်တွေဟာ ဂျပန်နဲ့ နယူးဇီလန်အထိ ရောက်ရှိနေတယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေးမငြိမ်မသက်မှုတွေကလည်း မှောင်ခိုသမားတွေအတွက် မှောင်ခိုလမ်းကြောင်းတွေနဲ့ လုပ်ငန်းများကိုပါချဲ့ထွင်နိုင်ဖို့ ခွင့်ပြုပေးထားသလိုဖြစ်နေတယ်လို့ ဂျရီမီးဒေါက်ဂလပ်စ် ကပြောပါတယ်။

ရာဇဝတ်ဂိုဏ်းတွေက ထောက်ပံ့မှုတိုးမြှင့်နေပြီး မီသာဖက်တမင်း ထုတ်လုပ်မှုကုန်ကျစရိတ် နည်းပါးစေ တာကြောင့် အာဏာပိုင်တွေရဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွေက ဒေသတွင်း မူးယစ်ဆေးဝါးစီးဆင်းမှုအပေါ် အနည်းငယ်သာ အကျိုးသက်ရောက်မှုရှိစေမယ်လို့ ဆိုပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီး အနုတင် ချန်ဗီရာကူးလ်ကလည်း အရင်က ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ဝင်လာတဲ့ မူးယစ်ဆေးဝါးတွေဟာ အခုလမ်းကြောင်းပြောင်းပြီး ထိုင်းနိုင်ငံအနောက်ခြမ်း ကန်ချနာဘူရီခရိုင်လို ဒေသတွေက ဝင်ရောက်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်လာပြီလို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly