မုံရွာ န.မ.ခ ကိုကာကွယ်ရေးတပ်ဖွဲ့များကဒရုန်းဖြင့်တိုက်ခိုက်၊ဗိုလ်အဆင့်ရှိသူ အပါအဝင် စစ်သား၅ ဦးသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
13 December 2023
မုံရွာ န.မ.ခ ကိုကာကွယ်ရေးတပ်ဖွဲ့များကဒရုန်းဖြင့်တိုက်ခိုက်၊ဗိုလ်အဆင့်ရှိသူ အပါအဝင် စစ်သား၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ)ဝင်းအတွင်းရှိ နေရာ လေးခုကို ကာကွယ်ရေးတပ်ဖွဲ့များက Shar Htoo Waw နည်းပညာသုံး ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူ အပါအဝင် စစ်သား ငါးဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်( KLG PDF) ထံမှ သိရသည်။

ဒီဇင်ဘာ ၁၂ ရက် ညနေ ၄ နာရီ အချိန်တွင် န.မ.ခ ဝင်းအတွင်းရှိ လက်နက်သိုလှောင်ရုံ စနခ(၇၄၇)တပ် ၊ စစ်တိုင်းရုံး အရာရှိရိပ်သာဆောင် ၊ လေကြောင်းထိန်းချုပ်ရေး စင်တာ(ATC) နှင့် လေယာဉ်ဆီသိုလှောင်ကန်ရှိရာ နေရာများကို ဒရုန်းဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း KLG PDF ထံမှ သိရသည်။

“ အရာရှိ အပါအဝင် စစ်ကောင်စီတပ်သားတွေ ညနေပိုင်း တန်းစီနေချိန် နဲ့ ရုံးဆင်းချိန်တွေမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဆီ သိုလှောင်ခန်းတွေ ပေါက်ကွဲသွားတာမျိုးမရှိပေမဲ့ အဆောက်အဦပျက်စီးခဲ့တာတွေ ရှိတယ်” ဟု KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ AT က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ၆၀ မမ ဗုံးသီးများကို အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ ဗိုလ်အဆင့်ရှိသူ အပါအဝင် စစ်သား ငါးဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများ စစ်ဆေးရုံ(န.မ.ခ) တွင် ဆေးကုသမှု ခံယူနေရကြောင်း KLG PDF ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုများကို ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်-(၂၁)၊ (၂၂)၊ (၂၃) KLG PDF ၊ Shar Htoo Waw နည်းပညာ တပ်ဖွဲ့  Team 3 PDAF ၊ Team 4 SSTF နှင့် ဆားလင်းကြီးမြို့နယ် ပကဖ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာချုပ် အမြောက်တပ်မှ ၈၁ မမ ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ၁၀ ကြိမ်အထက် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တိုက်ခိုက်မှု
# မုံရွာမြို့နယ် 
#အနောက်မြောက်တိုင်းစစ်ဌာနချုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly