ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးမဟုတ်ပါ

By ခင်နှင်းဖြူစိုး (မဇ္ဈိမ)
12 December 2023
ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးမဟုတ်ပါ

ဖက်ဒရယ်အကြောင်းကို စပြောရမည်ဆိုလျှင် “ဖက်ဒရယ်အစ ပင်လုံက”ဟုပင်ဆိုနိုင်သည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၌  ဖက်ဒရယ် အငွေ့ အသက် အချက်အလက်များဖြင့် စတင်အသက်သွင်းခဲ့ခြင်း‌ေကြာင့်ပင်ဖြစ်သည်။

ပင်လုံစာချုပ်ဆိုသည်မှာ  ချင်း၊ ကချင်နှင့် ရှမ်းတိုင်းရင်းသားတို့က အင်္ဂလိပ်ဆီက သီးခြားလွတ်လပ်ရေးမယူဘဲ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်မ (Ministerial Burma) နှင့်ပူးပေါင်း၍ လွတ်လပ်ရေးကို အတူ တကွရယူရန်နှင့် တန်းတူရည်တူပူးပေါင်းသော ပြည်ထောင်စုနိုင်ငံတော်သစ်တခုကို ထူထောင်ရမည်ဟု ပဋိဉာဏ်ပြုသော စာချုပ်ပင်ဖြစ်သည်။ ထို့ကြောင့် ပင်လုံစာချုပ်၏ အနှစ်သာရမှာ မတူကွဲပြားသည့် ဒေသအုပ်စုတို့ ပူးပေါင်း နေထိုင်ကာ ပြည်ထောင်စုသစ်တခုဖြစ်လာရေးကို ကြိုးစားခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုကာ နိုင်ငံတော်သစ်ကို မည်သို့မည်ပုံ ဖွဲ့စည်းထူထောင်မည်ဖြစ်ကြောင်း ခံဝန်ကတိ ပြုကြခြင်းလည်းဖြစ်သည်။

စာချုပ်တွင် ရေးသားထားခြင်းမရှိသော အချက်များကို ဗိုလ်ချုပ်အောင်ဆန်းက ကတိပေးခဲ့ကြောင်းနှင့် ထိုရေး သားထားခြင်းမရှိသည့် အချက်များကို တိုင်းရင်းသားများကလည်း သဘောတူခဲ့ကြကြောင်း ကွယ်လွန်ပြီးသည့် ရှမ်း ဝါရင့်နိုင်ငံရေးသမား ဦးရွှေအုံးက ကိုယ်တိုင်ရေး အထုပ္ပတ္တိတွင်ဖော်ပြထားသည်။

ချင်း၊ ကချင်၊ ရှမ်းတို့သည် ပင်လုံစာချုပ်လက်မှတ်ရေးထိုးပြီးနောက် မိမိတို့၏အနာဂတ်အရေးကို စည်းလုံးညီ ညွတ်စွာဖြင့် ပူးပေါင်းရင်ဆိုင်ရန် “တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးကောင်စီ” SCOUHP ကို ဖွဲ့စည်းခဲ့ကြသည်။ “တောင်တန်းသားများ စည်းလုံးညီညွတ်ရေးဦးစီးကောင်စီ” ၏ အရေးကြီးဆုံး အခြေခံမူများ မှာ တိုင်းရင်းသားများ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သီးခြားဆန်သည့် ပြည်နယ်များ ရရှိရေး တို့ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားဒေသများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်း ထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ ရရှိစေရမည်။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတ နိုင်ငံတွင် အပါအဝင်ဖြစ်ကြသည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်းတို့၏ လုပ်ပိုင်ခွင့် အာဏာတို့သည် တိုင်း သူပြည်သားများထံမှ ဆင်းသက်စေရမည်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များတွင် ပြည်နယ်လွှတ်တော်၊ ပြည် နယ်အစိုးရ၊ ပြည်နယ်တရားရုံးများကို ထူထောင်ခွင့်၊ ဥပဒေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများကို လွတ်လပ်စွာ ကျင့်သုံးပြဋ္ဌာန်းပေးမည်ဟု အာမခံပေးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် သူ့ကို ဆက်ခံသော ဦးနုနှင့် ၁၉၄၇ အခြေခံဥပဒေပိသုကာ ဟုပြော သော ဦးချန်ထွန်းတို့က ဗိုလ်ချုပ်အောင်ဆန်း သဘောတူခဲ့သည့် အချက်များကို ၁၉၄၇ အခြေခံဥပဒေမှ ဖယ်ရှား လိုက်ရာ ၁၉၄၇ အခြေေခံဥပဒေက ပုံဖေါ်ပေးသော ဖက်ဒရယ်မူမှာ ဖက်ဒရယ်အတု (quasi-federalism) ဖြစ် လာရသည်ဟု တိုင်းရင်းသားများက ယုံကြည်သည်။ ဗမာတိုင်းရင်းသားများက အခွင့်ထူးခံများဖြစ်လာပြီး တိုင်းရင်းသားများက တန်းတူအခွင့်အရေး မရရှိခဲ့ပေ။ ပြည်နယ်အစိုးရများကို ဗဟိုအစိုးရလက်အောက်ခံ အဖြစ် ဖွဲ့စည်းလိုက်သည်။

ခွဲထွက်မည့်အစား ဖက်ဒရယ်လှုပ်ရှားမှုများ

ခွဲထွက်ခွင့်ဆိုသည်မှာ ဖက်ဒရယ်စနစ်၏ အခြေခံမူတရပ်မဟုတ်ပေ။ သို့သော် လွတ်လပ်ရေးရပြီး ကျင့်သုံးခဲ့ သည့် ၁၉၄၈ အခြေေခံ ဥပဒေမှာ ၁၀ နှစ် အတူနေထိုင်ပြီး ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိကြောင်း ပြဌာန်းထားသည်။ သို့သော် ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားများနှင့်အတူ ပါဝင်ခဲ့ခြင်း မရှိသည့် တိုင်းရင်းသားများပါ ၁၉၄၇ အခြေခံဥပဒေကို ပြင်ဆင်ကာ ဖက်ဒရယ်စစ်စစ်မူများရရှိအောင်သာ ကြိုးစားလုပ် ဆောင်လိုကြသည်။ ၁၉၅၈ ခုနှစ်သည် လွတ်လပ်ရေးရပြီး ၁၀ နှစ်ပြည့်ပြီဖြစ်ပြီး ခွဲထွက်လိုပါက ခွဲထွက်နိုင် သော်လည်း စည်းလုံးညီညွတ်သည့် တိုင်းပြည်အတွင်း အတူတကွ စုစည်းနေထိုင်ရန် ဖက်ဒရယ်စစ်စစ်ဖေါ် ဆောင်ရေးကိုသာ လုပ်ဆောင်လာကြသည်။ 

ထိုလုပ်ဆောင်ချက်များကို ဖက်ဒရယ်လှုပ်ရှားမှု (federal movement) များဟု လူသိများသည်။ ၁၉၆၁ ခုနှစ် ရောက်သောအခါ ဖက်ဒရယ်လှုပ်ရှားမှုများ အရှိန်မြင့်လာပြီး ဇွန်လတွင် တောင်ကြီး၌ ညီလာခံတရပ်ကျင်းပ ပြီး စစ်မှန်သော ဖက်ဒရယ်မူများအတွက် ဆွေးနွေးသဘောတူခဲ့ကြသည်။ တောင်ကြီးညီလာခံသို့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားအားလုံးမှ လေ့လာသူများအပါအဝင် ကိုယ်စားလှယ် ၃၃၀ ဦး တက်ရောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ 

ဝန်ကြီးချုပ်ဦးနုမှာလည်း တိုင်းရင်းသားများ တောင်းဆိုချက်ကို အလေးပေးနားထောင်သည့်အနေဖြင့် ဖက်ဒရယ် ဆီမီနာ (federal seminar) ကို ရန်ကုန်၌ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စတင်ကျင်းပစေခဲ့သည်။ မတ်လ (၂) ရက်နေ့  ဖဒရယ်ဆီမီနာတွင် ဦးနုမိန့်ခွန်းပြောကြားဖို့ နာရီပိုင်းအလိုတွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်း ခဲ့သည်။

ထိုအချိန်မှစ၍ ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ယခုအချိန်အထိ အာဏာ လုယူထားဆဲ မြန်မာစစ်ခေါင်းဆောင် အဆက်ဆက် ဝါဒဖြန့်ခဲ့ကြသည်။ ဖက်ဒရယ်လှုပ်ရှားမှုသည် တိုင်းပြည် အတွင်း တစည်းတလုံးထဲ နေထိုင်လို၍ လုပ်ဆောင်သော လှုပ်ရှားမှုဖြစ်သည်။ 
တိုင်းရင်းသားများ တောင်းဆို သော ဖက်ဒရယ်စစ်စစ်သည် တိုင်းပြည်စည်းလုံးညီညွတ်ရေးအတွက်ဖြစ်သည်။

ဖက်ဒရယ်ဆိုသည်မှာ

Federalism သည်ဗဟိုအစိုးရနှင့်နိုင်ငံတွင်းရှိ Constituent Unit ဝါ Federal Unit အသီးသီးကြား အာဏာကို ခွဲဝေကျင့်သုံး သော အစိုးရစနစ်ဖြစ်သည်။ ဖယ်ဒရယ်စနစ်တွင် အစိုးရအဆင့် နှစ်ဆင့်ရှိသည်။ တမျိုးက နိုင်ငံ တော် တခုလုံးအတွက် အစိုးရ National or federal government ဖြစ်ပြီး တနိုင်ငံလုံးအကျိုးစီးပွားအတွက် လိုအပ်သော အာဏာများ ကျင့်သုံးသည်။ ပြည်နယ်အဆင့်ရှိအစိုးရများသည် နိုင်ငံတော်အစိုးရ ကျင့်သုံးသည့် အာဏာများမှအပ ကျန်အာဏာများကျင့်သုံးကာ ၎င်းတို့ပြည်နယ်များကို နေ့စဉ်အုပ်ချုပ်သည်။ ဤ အစိုးရ နှစ်ရပ်လုံးသည်တူညီသော ပထဝီဝင် ဧရိယာပေါ်တွင် တဦးနှင့်တဦး အမှီအခိုကင်းစွာ အခွင့်အာဏာကို ခွဲဝေ ကျင့်သုံးကြ ခြင်းဖြစ်သည်။

“လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ရေးကို အများဆုံးပေးနိုင်တဲ့စနစ်ဟာ ဖယ်ဒရယ် စနစ်ဖြစ်ပါတယ်။ ဖယ်ဒရယ်စနစ်မှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်၊ ခရိုင် စတာတွေကြားမှာ အာဏာခွဲ ဝေကျင့်သုံးကြတယ်။ ပြည်ထောင်စု အဖွဲ့ဝင်တွေ ကျင့်သုံးခွင့်ရှိတယ်လို့ သတ်မှတ်ထားတဲ့ အာဏာတွေကို ဗဟိုဖက်ဒရယ် အစိုးရရဲ့ စွက်ဖက်မှုကင်းပြီး ပြည်နယ်တွေက လွတ်လပ်စွာ ကျင့်သုံးအုပ်ချုပ်ခွင့်ရတယ်။ အဲ့ဒါကို ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတွေမှာ ပြည်ထောင်စု အဖွဲ့ဝင်တွေကျင့်သုံးခွင့်ရတဲ့ကိုယ်ပိုင်အုပ်ချုပ်ရေး  autonomy လို့ခေါ်တယ်”လို့ ဖက်ဒရယ်နဲ့ အခြေခံ ဥပဒေနှင့် ဖက်ဒရယ်ရေးရာ လေ့လာသုံးသပ်သူ ဦးခင်မောင်ဝင်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၏   အခြေခံဥပဒေကို ပြန်ကြည့်မည်ဆိုပါက မည်သည့်အချိန်ကမျှ ဖယ်ဒရယ်မဖြစ်ခဲ့သလို ဗဟိုထိန်းချုပ် မှု၊ ဗဟိုချုပ်ကိုင်မှု အားကောင်းသည့် အခြေခံဥပဒေ နိုင်ငံရေးစနစ်များဖြင့်သာ ဖြတ်သန်းလာခဲ့ကြသည်။ ထိုအချက် အလက်များကြောင့် မကျေနပ်မှုနှင့် မညီမျှမှုများ များလာပြီးနိုင်ငံရေးအရဖြေရှင်းရန် ကြိုးစားနေစဉ် စစ်တပ်က ဝင် ရောက်စွက်ဖက်ပြီးနောက်ပိုင်း လက်နက်ကိုင် တော်လှန်ပုန်ကန်မှုများ တစ်နိုင်ငံလုံးစတင်ဖြစ်ပွားလာခဲ့သည်။ အဆိုပါအချိန်ကစ၍  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အလျှိုလျှိုပေါ် ပေါက်လာခဲ့သလို အမျိုးသား လွတ်မြောက်ရေးအတွက် တောင်းဆိုသံများစတင်လာခဲ့ကြောင်းကချင်လူမျိုး လူမှုရေးတက်ကြွလှုပ်ရှားသူ၊ နိုင် ငံရေး သမားနည်းပညာရှင်တဦးဖြစ်ပြီး လက်ရှိတွင် အမျိုးသားညီညွတ်‌ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသူ ဦးမော်ထွန်းအောင်က ပြောသည်။

“ဖယ်ဒရယ်ဆိုတာ ဗဟိုချုပ်ကိုင်မှုနည်းမယ်။ ပြီးတော့ ဒေသတွင်း ဖဒရယ်ယူနစ်တွေ ဖဒရယ်ယူနစ်အတွင်းမှာ ရှိတဲ့ ပြည်သူပြည်သားတွေကနေ သူတို့ရဲ့ဘဝအတွက်အရေးကြီးတဲ့ စားဝတ်နေရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ သူတို့အပေါ်သက်ရောက်မယ့်ဟာတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိခြင်း အဲ့ဒီလို ဆုံးဖြတ်နိုင်အောင်နိုင်ငံရေးအရ ကွန်စတီးကျူးရှင်းထဲမှာ သဘောတူလက်ခံထားပြီးတော့ အဲ့ဒီအခွင့် အရေးကို လေးစား လိုက်နာခြင်း အဲ့လိုမျိုး အကျဉ်းချုပ် သုံးသပ်နိုင်ပါတယ်”ဟု ဦးမော်ထွန်းအောင်ကဆိုသည်။

ကမ္ဘာနိုင်ငံပေါင်း ၁၉၅ နိုင်ငံအတွင်း နိုင်ငံကြီးများဖြစ်ကြသည့် ရုရှား၊ အမေရိကန်၊ ဘရာဇီး၊ ကနေဒါ၊ သြစတြေး လျ၊ အိန္ဒိယတို့အပြင် အသေးငယ်ဆုံးသောနိုင်ငံများ ဖြစ်ကြသည့် ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နှင့် ကာရစ်ဗီယန် ပင်လယ်တွင်းမှ (Saint Kitts and Nevis) စိန့်ကစ်နှင့် နီးဗစ် စသည့်နိုင်ငံများ အပါအဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံတွင်  ဖယ်ဒရယ်ကို ကျင့်သုံးနေကြပြီး နိုင်ငံအလိုက်ကျင့်သုံးသည့် ပုံစံများမတူညီကြကြောင်းလေ့လာသိရှိရသည်။ ထို နိုင်ငံအသီးသီးတွင် ဖက်ဒရယ်စနစ်ကို မတူညီသော ဒီဂရီအမျိုးမျိုးဖြင့် ကျင့်သုံးနေကြသော်လည်း အဓိကကျ သည့်အချက်မှာ အာဏာခွဲဝေမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကျင့်သုံးမှုဖြစ်သည်။ 

“လက်ရှိမြန်မာပြည်နဲ့ပတ်သက်ပြီး ဖယ်ဒရယ်ဖြစ်လာမယ့်ပုံစံက ကျွန်တော်တို့ နိုင်ငံက နိုင်ငံခြားက ပုံတူကူး ချလို့ရမှာလည်းမဟုတ်သလို မြန်မာနိုင်ငံမှာရှိနေတဲ့အခြေအနေက တပြည်နယ်နဲ့ တပြည်နယ် ကြား ထဲမှာ လည်း ပုံတူကူးချလို့မရတဲ့အနေအထားမျိုးတွေရှိတယ်။ကျွန်တော်တို့ဖဒရယ်ကို စဉ်းစားတဲ့အခါ တနိုင်ငံလုံးကနေ အားလုံးသဘောတူတဲ့ ဘုံနိုင်ငံရေးဆိုင်ရာသဘောတူညီချက်ပေါ့နော် အဲ့ဒီအထဲမှာ လူ့အခွင့်အရေးပါမယ် ဒီမိုကရက်တစ်အခွင့်အရေးပါမယ် နောက်တခြားပြည်သူပြည်သားတွေကိုအကာအကွယ်ပေးနိုင်မယ့် အခွင့် အရေးတွေပါမယ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့် လွတ်လပ်စွာအသင်းအဖွဲ့တွေဖွဲ့စည်းနိုင်ခွင့် အစရှိတဲ့ right တွေကို အရင်ဆုံးသဘောတူညီပြီးတော့ အဲ့ပေါ်မှာအခြေခံတဲ့ မိမိဒေသနဲ့ကိုက်ညီတဲ့ သဟဇာတဖြစ်တဲ့ လမ်းစဉ်ကိုအရင်ဆုံးရှာဖွေရမယ်လို့ မြင်ပါတယ်”ဟုဦးမော်ထွန်းအောင်ကဆိုသည်။

သတင်းအချက်အလက်အပေါ် အခြေခံပြီးမူဝါဒဆိုင်ရာကိစ္စရပ်တွေအရသုံးသပ်ရမည်ဆိုပါကလည်း မူဝါဒနှင့် နိုင်ငံရေးသည်  ထမ်းပိုး တခုကဲ့သို့ ရှေ့ဝိတ်နှင့် နောက်ဝိတ်ညီမျှနေမှသာ ထမ်းရတာအဆင်ပြေနိုင်မည်ဖြစ်သလို အပြန်အလှန် ပတ်သက်နေ၍  နှစ်ခုမှာ တခုပဲသိနားလည်ပြီး ဆွေးနွေးနေလို့မဖြစ်နိုင်ကြောင်း၊  ကိုယ့် ပြည်နယ်၏  ဖယ်ဒရယ်မူ ၊ ဖယ်ဒရယ်တောင်းဆိုချက် ဖယ်ဒရယ် Arrangement များကို စီစဉ်နိုင်မည်ဆိုပါက  ထိုအချက်များအပေါ် ပိုအာရုံ စိုက်ဖို့လိုကြောင်းသူက ဆက်လက်သုံးသပ်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်၊ ခွဲထွက်ခွင့်ဆိုင်ရာ

မြန်မာနိုင်ငံရှိ  ပြည်ထောင်စုအဖွဲ့ဝင်များ ကျင့်သုံးခွင့်ရှိမည့် အခွင့်အရေးကို ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) ဟု သတ်မှတ်ချက်များရှိသလို အောင်မြင်နေသည့် ဖယ်ဒရယ်နိုင်ငံကြီးများတွင်  ပြည်ထောင်စု အဖွဲ့ဝင်များ၏ အခွင့်အရေးကို ကိုယ်ပိုင်အုပ်ချုပ်ရေးဟု သတ်မှတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ဟု မသတ်မှတ်ကြကြောင်း၊  ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ  ဥပဒေရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ရှု့‌ေထာင့်အဖုံဖုံမှ အဓိပ္ပါယ် အမျိူးမျိုးဖွင့်ကြပြီး အငြင်းပွားဖွယ်ရာများပါနေသည်ကို ထောက်ပြမှုများရှိနေကြောင်း ပညာရှင်များက ဆိုသည်။

“အထင်ရှားဆုံးအငြင်းပွားဖွယ်ရာကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တွဲနေတဲ့ ခွဲထွက်ခွင့် (the right to session) ဖြစ်ပါတယ်။ ကမ္ဘာ့ဖက်ဒရယ်နိုင်ငံကြီးတွေမှာ ပြည်နယ်တွေရဲ့အခွင့်အရေးဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ပါလို့ သတ် မှတ်ခြင်းမရှိသလို အခြေခံဥပဒေမှာခွဲထွက်ခွင့် ရှိပါတယ်လို့ဖော်ပြထားတာမျိုးလည်းမရှိပါဘူး။ ခွဲထွက်ခွင့် အထိအသိ အမှတ်ပြုခဲ့တဲ့ နိုင်ငံနှစ်ခုကတော့ ပြိုကွဲသွားပြီဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ၁၉၄၇ အခြေခံ ဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံပဲဖြစ်တယ်”လို့ ဦးခင်မောင်ဝင်းကပြောပါတယ်။
 
သို့သော် ယခုအခါ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးက ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုနေကြပြီး အဆိုပါ ကိုယ်ပိုင်ပြဌာန်းခွင့်သည်  တိုင်းရင်းသားများအတွက် မိမိအခွင့်အရေးကို ကာကွယ်ဖို့လိုအပ်တဲ့ internal self-determination ဖြစ်သည်ဟုလည်း သူက ဆက်ပြောသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်ကို နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ဥပဒေရေးရာ ရှုဒေါင့်အမျိုးမျိုးမှ ကျင့်သုံနေကြပြီး တိကျသော အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိကြောင်း၊ သို့သော် သေချာသည်မှာ ခွဲထွက်ခွင့်ဆိုသည်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်၏ အမြင့် ဆုံး အခွင့်အရေးဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ထောက်ပြသည်။

စစ်တပ်က မြန်မာပြည်အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားမည်ကိုစိုးရိမ်သဖြင့်အာဏာကို ထိန်းချုပ်ထားရခြင်းဖြစ် ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းတဦးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောခဲ့ဖူးသလို အဆိုပါ စကားသည် ၁၉၆၂ အာဏာသိမ်းမှုနှင့် ပြည်တွင်းစစ်ကာလတလျှောက် စစ်တပ်ဘက်မှ ပြောခဲ့သည့် စကားဖြစ်ပြီး ယခုချိန်ထိ ခေတ်အဆက်ဆက် နိုင်ငံရေး ဆွေးနွေးပွဲများတွင် စစ်တပ်ကစွပ်စွဲပြောဆိုနေဆဲ စကားဖြစ်ကြောင်း ပြည်ထောင်စု အင်စတီကျု ငြိမ်းချမ်းရေး၊ဖယ်ဒရယ်ရေးရာဆိုင်ရာ သုတေသနမှူး ဒေါက်တာစိုင်း ဦးကပြော ပါသည်။

“နိုင်ငံရေးဆွေးနွေးပွဲတွေမှာတပ်က ခွဲထွက်မှာကို ကြောက်လို့အာဏာထိန်းတယ်ဆိုတာပြောလေ့ရှိတယ်။ ပင်လုံ စာချုပ်ထဲမှာ ၁၀နှစ်ကြာလို့ မကြိုက်ရင်ခွဲထွက်ပိုင်ခွင့်ရှိတယ်ဆိုပြီး ထည့်သွင်းရေးထားပေမယ့် တိုင်းရင်းသား အားလုံးကခုချိန်ထိ ခွဲထွက်ခွင့်ဆိုတာကိုမတောင်းဆိုဖူးသေးဘူး။ကရင်နီ၊ ကချင်နဲ့ချင်းပြည်နယ်တွေလို နှစ်ပေါင်း များစွာ ပြည်တွင်းစစ်ဖြစ်တဲ့နေရာကလူတွေတောင်ခုချိန်ထိ အဲ့လိုမပြောကြမတောင်းဆိုကြဘူး။ ဖယ်ဒရယ်ရဖို့ပဲ တောင်းဆိုကြတာ စစ်မှန်တဲ့ဖယ်ဒရယ်ရဖို့ပဲ အားလုံးကမျှော်လင့်ကြတာ။ ခွဲထွက်ခွင့်လိုချင်လို့ တိုက်ခိုက်ဆန့် ကျင်နေတာ မဟုတ်ဘဲ ဖယ်ဒရယ်စနစ်ကို အတူလျှောက်လှမ်းဖို့ တိုက်ပွဲဝင်နေကြတာပါ”လို့ ဒေါက်တာစိုင်းဦး ကသုံးသပ်ပြောဆိုသည်။

သေချာနေသည်က ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေးမဟုတ်ပါ။ ကမ္ဘာတွင် အောင်မြင်နေသာ ဖက်ဒရယ် နိုင်ငံကြီးများတွင်လည်း ဖက်ဒရယ်ကို ခွဲထွက်ခွင့်ဟု မည်သူမျှမပြောကြပါ။ ဖက်ဒရယ်လှုပ်ရှားမှုသည် တိုင်းပြည် အတွင်း စည်းလုံးစွာရပ်တည်ချင်၍လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုဖြစ်ကြောင်းကိုလည်း သမိုင်းက သက်သေခံ နေ သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခေါင်းဆောင်များက ၎င်းတို့၏ အာဏာသိမ်းမှုကို ကာကွယ်ရန်အကြောင်း ပြချက်ပေးသည့်အ‌ေနဖြင့် ဖက်ဒရယ်သည် ခွဲထွက်ရေးဖြစ်သည်ဟု တလွဲဝါဒဖြန့်ခဲ့ခြင်းသာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly