နိုင်ဂျီးရီးယားရဲ့ အိုစီဟင် တစ်နှစ်တာအကောင်းဆုံး အာဖရိကကစားသမားဆုကို ရရှိ

နိုင်ဂျီးရီးယားရဲ့ အိုစီဟင် တစ်နှစ်တာအကောင်းဆုံး အာဖရိကကစားသမားဆုကို ရရှိ
Photos: EPA

မော်ရိုကိုနိုင်ငံ၊ မာရကက်ရှ်မှာ အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF) က ကြီးမှူးကျင်းပတဲ့ အခမ်းအနားမှာ နာပိုလီရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး ဗစ်တာ အိုစီဟင်ဟာ အမျိုးသား တစ်နှစ်တာအကောင်းဆုံး အာဖရိကကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက နာပိုလီကို အီတလီလိဂ်ဖလားကို ဆွတ်ခူးနိုင်စေခဲ့တဲ့ အိုစီဟင်ဟာ ပဲရစ်စိန့်ဂျာမိန်းရဲ့ မော်ရိုကိုညာနောက်ခံလူ ဟာကီမီနဲ့ လီဗာပူးလ်ရဲ့ အီဂျစ်တောင်ပံကစားသမား ဆာလာတို့ကို အနိုင်ယူပြီး ထိပ်တန်းဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။

အိုစီဟင်က "ဒါဟာ ကျနော့်အတွက် အိပ်မက်တခု တကယ်ဖြစ်လာခဲ့ပါတယ်။"လို့ ပြောပါတယ်။

"နိုင်ဂျီးရီးယားနိုင်ငံသားတွေရဲ့ ပံ့ပိုးကူညီမှုအတွက် ကျနော် ကျေးဇူးတင်မိပါတယ်။ ကျနော့်ရဲ့ အားနည်းချက်တွေ ဘယ်လိုပဲဖြစ်နေပါစေ ကျနော့်ကို အားပေးကာ ကာကွယ်ပေးတဲ့အတွက် အာဖရိကကို ကျေးဇူးတင်ပါတယ်"လို့ အသက် ၂၄ နှစ်အရွယ် ကစားသမားက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

အိုစီဟင်ဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီအတွက် ပြိုင်ပွဲစုံ ၃၁ ဂိုး သွင်းယူကာ အသင်းရဲ့ ၃၃ နှစ်ကြာ ဖလားခေါင်မှုကို အီတလီလိဂ်ဖလားနဲ့ အဆုံးသတ်ပေးခဲ့ပါတယ်။

အိုစီဟင်ရဲ့ ဈေးကွက်တန်ဖိုးမှာ ခန့်မှန်းခြေ ယူရို သန်း ၂၀၀ (ဒေါ်လာ ၂၁၅ သန်း)ခန့် ရှိမယ်လို့ နာပိုလီက ခန့်မှန်းထားပါတယ်။

အိုစီဟင်ကို ချီလီ ၂၀၁၅ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပကင်းထောက်တွေက တွေ့ရှိခဲ့ပြီး ဂျာမန်ကလပ် ဝုဖ်ဘတ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။

သူဟာ Charleroi ထံ အငှားချခံခဲ့ရပြီး နောက်ပိုင်းမှာ ဘယ်လ်ဂျီယံကလပ်ကို အမြဲတမ်းစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။ သူ့ရဲ့ နောက်ထပ်ပြောင်းရွှေ့မှုဟာ ၂၀၁၉ မှာ ပြင်သစ်ကလပ် လိုင်လီကို ဖြစ်ခဲ့ပြီး သူဟာ ၂၇ ပွဲကစားကာ ၁၃ ဂိုးသွင်းယူခဲ့ပါတယ်။

နာပိုလီက သူ့ကို တနှစ်အကြာမှာ ယူရို သန်း ၇၀ (ဒေါ်လာ ၇၅ သန်း) နဲ့ ခေါ်ယူခဲ့ပေမယ့် သူဟာ နိုင်ဂျီးရီးယားကို အလည်အပတ်သွားရောက်စဉ်မှာ Covid-19 ကူးစက်ခံရပြီး နောက်ပိုင်းမှာ ဦးခေါင်းဒဏ်ရာနဲ့ ဦးခေါင်းခွံနဲ့ eye socket ကျိုးကြေခဲ့ရပါတယ်။

အဲဒီဒဏ်ရာတွေကြောင့် အိုစီဟာကို အကာအကွယ်မျက်နှာဖုံးကို ဝတ်ဆင်စေပြီး မီဒီယာတွေက သူ့ကို "masked assassin" မျက်နှာဖုံးစွပ် လူသတ်သမားလို့ ခေါ်ခဲ့ကြပါတယ်။

သူဟာ ဒဏ်ရာကြောင့် ကင်မရွန်းမှာ ၂၀၂၂ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို လွဲချော်ခဲ့ပြီး နိုင်ဂျီးရီးယားဟာ တူနီးရှားကို ၁၆ သင်းရှုံးထွက်အဆင့်မှာ အံ့အင်းသင့်ဖွယ် ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly