ရန်ကုန်၊ဇူလိုင် ၃ ။ ။ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်တွင် ဆန္ဒပြရာ၌ ပါဝင်သည့် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဌ ကိုပိုင်ရဲသူကို ဇူလိုင် ၁၅ ရက်တွင် ပန်းပဲတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးသွားမည်ဟု ပန်းပဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူး ခင်မောင်ထွေးက မဇ္ဈိမကိုပြောသည်။
ဇွန် ၃၀ ရက်က ပန်းပဲတန်းမြို့နယ် သိမ်ကြီးဈေးရှေ့မှကျောက်တံတားမြို့နယ် ဆူးလေဘုရားအနီး မြို့တော် ခန်းမရှေ့အထိ ညနေ ၃ နာရီက စတင်၍ တက္ကသိုလ်ကျောင်းသားသမဂ္ဂများနှင့် ပြည်သူများက ခွင့်ပြုချက်မယူဘဲ စုပေါင်းဆန္ဒပြခဲ့ကြပြီး အဆိုပါ ဆန္ဒပြပွဲတွင် ကိုပိုင်ရဲသူက ပါဝင်ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ် သည်။ ၎င်းကို ဇူလိုင် ၂ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရဲမှူးခင်မောင်ထွေးက “မနေ့ကပဲဖမ်းဝရမ်းထုတ်တာလေ။ ဖမ်းဝရမ်းထုတ်ပြီးတော့ မနေ့ကပဲဖမ်းပြီးတော့ ပန်းပဲတန်းမြို့နယ် တရားသူကြီးက ဇူလိုင်လ ၁၅ ရက်မှာ တရားရုံးထုတ်ဖို့အမိန့်ချထားတယ်။ အခု အင်းစိန်ထောင်မှာ ထိန်းသိမ်းထား ပါတယ်” ဟုပြောသည်။
ကိုပိုင်ရဲသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြရာတွင် ဦးဆောင် ပါဝင်သူ ကိုနန်းလင်းက “ ကိုပိုင်ရဲသူ အဖမ်းခံ ရပေမယ့် အပြင်မှာကျန်ခဲ့တဲ့ ကျောင်းသား သမဂ္ဂ တွေကတော့ လုပ်စရာရှိတဲ့ အလုပ်တွေကို ဆက်လုပ်သွားမှာပါ။ တစ်ဗိုလ်ကျ ရင် တစ်ဗိုလ်တက်ပြီး ဆက်လုပ်သွားမှာပါ”ဟုပြောသည်။
ကိုပိုင်ရဲသူကို ဖမ်းဆီးသွားသည့်အချိန်တွင် မည့်သည့်အဖွဲ့အစည်း၊ မည့်သည့်ပုဒ်မဆိုသည့် အချက်သည် ပွင့်လင်းမြင်သာမှုမရှိ သဖြင့် မြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှု ရှိရဲ့လားဆိုသည့် အချက်ကို မေးခွန်းထုတ်စရာ ဖြစ်ရပ်ဖြစ်နေ သည်ဟုလည်း ကိုနန်းလင်းက ပြောသည်။
ဇွန်လ ၃၀ ရက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အပါအဝင် ပြည်သူလူထုက ရန်ကုန်မြို့သိမ်ကြီးဈေးမှ ဆူးလေးဘုရားအနီး မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် ရဲများက တားဆီးပိတ်ပင်မှုများရှိခဲ့သည်။
စစ်မှန်သည့်ဖွဲ့စည်းပုံပြင်ဆင်ရေး၊ဖွဲ့စည်းပုံပြင်ဆင်ရေးတောင်းဆိုသည့် လက်မှတ်ငါးသန်းဖြင့် လွှတ်တော်တွင်း တင်ပြခဲ့သော် လည်းလွှတ်တော်တွင်းရှိတပ်မတော်သားကိုယ်စားလှယ်များက ပယ်ချခဲ့သည်ကို ရှုတ်ချခြင်း ရည်ရွယ်ချက်နှစ်ခုဖြင့် ဆန္ဒပြပွဲကိုပြု လုပ်ခဲ့ခြင်းဖြစ်သည်။