ပဲခူးတိုင်း၊ မုန်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် တပ်မိသားစုဝင်အချို့သေဆုံးမှုရှိပြီး ဒီထဲကမှ လသားကလေးငယ်ကို ရင်ဝယ်ပိုက်လျက် သေဆုံးနေတဲ့ မိခင်ရဲ့ရုပ်အလောင်းနဲ့အတူ ငိုယိုနေတဲ့ ကလေးငယ်တဦးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)က ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒါဟာ မုန်းမြို့က စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ (၅၉၀) ကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်တဲ့နေ့မှာ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုတွေကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်စဉ် သေဆုံးရတာဖြစ်တယ်လို့ မြေပြင်တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
လက်ရှိမှာတော့ မိဘမဲ့သွားတဲ့ ဒီကလေးငယ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ခေါ်ယူစောင့်ရှောက်ထားကြတယ်လို့လည်း သိရပါတယ်။
တင်ဆက်/တည်းဖြတ် − ရွှေနွယ်