မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

By မဇ္ဈိမ 
07 December 2023
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုတို့အပေါ် အစဉ်လေးစားပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ပြောကြားလိုက်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီဇင်ဘာ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးအပြင် အွန်လိုင်းလိမ်လည်မှုတွေ အမြစ်ပြတ်တိုက်ဖျက်သွားရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ရှစ်ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ဖို့ ရောက်နေတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးပြင်ပမှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးပြန်ရပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆက်လက်လုပ်ဆောင်ရန်မျှော်လင့်ကြောင်း ဝမ်ယိ က ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနဲ့  တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းသွားရေးအပြင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ် တိုက်ဖျက်သွားရေးအတွက် နှစ်ဖက်တရားဥပဒေစိုးမိုးရေး အဖွဲ့များအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်တဲ့ သတင်းအမှားတွေကို ဟန့်တားထိန်းချုပ်သွားနိုင်ရန် မီဒီယာကဏ္ဍမှာလည်း ပူးပေါင်း ဆောင်ရွက်သွားရေးနဲ့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဒေသတွင်းနဲ့  နိုင်ငံတကာမျက်နှာစာတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့က တရုတ်နယ်စပ်အပါအဝင် ရှမ်းမြောက်တခွင်မှာ အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ကြတာပါ။ 

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ တရုတ်နိုင်နဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို နေ့စဉ် တရုတ်နိုင်ငံကို လွှဲပြောင်းပေးနေကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ နေ့စဉ်ပြောဆိုနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရာမှာလည်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းတွေ ရရှိခဲ့ကြောင်း တရုတ်ဘက်က အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာလည်း မြန်မာရေတပ်နဲ့ တရုတ်ရေတပ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly