စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ဒေသခံပရဟိတလူငယ်များက မြို့တွင်းသာယာသန့်ရှင်းရေးအတွက် ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် အမှိုက်ကောက် ကိမ်ပိန်းပြုလုပ်ခဲ့ကြောင်း ပြည်သူမှပြည်သူသို့ အဖွဲ့ထံမှသိရသည်။
ပြည်သူများကိုယ်တိုင်ကပဲ ကိုယ့်မြို့ကိုယ်ရွာ ကိုယ့်တိုင်းပြည်ကို တတ်နိုင်သည့်ဘက်မှ လှပသာယာသန့်ရှင်းအောင်လုပ်နိုင်တယ်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကိမ်ပိန်းလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူမှ ပြည်သူသို့အဖွဲ့ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။
" ဒေသခံလူငယ် ၃၀ယောက်ခန့်က မြို့သန့်ရှင်းရေးအမှိုက်ကောက်ခဲ့ကြပါတယ်။ ဒီမနက်မှာ ကောလင်းမြို့ပေါ်ဈေးအနီးဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ခဲ့ကြတာပါ။ နောက်နေ့တွေမှာလည်း အခွင့်အရေးရရင် ရသလို ပြုလုပ်သွားမှာပါ။" ဟု ပြည်သူမှ ပြည်သူသို့ အဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် ယနေ့ ဒီဇင်ဘာလ ၆ရက်နေ့တွင် အလှူရှင်တဦးမှ လှူဒါန်းသော ထမင်းများကို ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ ၄၅၇ဦး အတွက် ချက်ပြုတ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပြည်သူမှပြည်သူသို့ အဖွဲ့ထံက သိရသည်။
ပြည်သူမှပြည်သူသို့ အဖွဲ့သည် ကောလင်းမြို့နယ်တွင်အခြေစိုက်ထားသော တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေရှာဖွေပေးခြင်း၊ ကောလင်းမြို့နယ်သတင်းများအား သတင်းပြန့်နိုင်ရန် ထုတ်ပြန်ပေးခြင်း၊ စစ်ဘေးရှောင်ဒေသခံများအားကူညီပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် ထောက်ပို့အဖွဲ့အစည်း ဖြစ်သည်။
ရုပ်သံအညွှန်း။ ။ ကောလင်းမြို့တွင် ဒေသခံလူငယ်များမှ အမှိုက်ကောက်သည့် မြင်ကွင်း
ရုပ်သံ။ ။ ပြည်သူမှ ပြည်သူသို့အဖွဲ့
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပြည်သူမှပြည်သူသို့
#ကောလင်းမြို့နယ်
#အမှိုက်ကောက်ကိမ်ပိန်း