ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ နေရာအချို့တွင် ကိုယ်ပိုင်ကြိုးမဲ့ကွန်ရက်ဖြင့် အင်တာနက် စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်အောက်ရှိ နည်းပညာအထောက်ကူဌာန ZNETထံမှ သိရသည်။
ထန်တလန်မြို့နယ်တွင် ကိုယ်ပိုင်အင်တာနက် ဆက်သွယ်ရေးစနစ်ကို ၂၀၂၂ခုနှစ် ဩဂုတ်လ ၁ ရက်မှ စတင်ကာ ဖြန့်ဝေပေးခဲ့ခြင်းဟု ZNET တာဝန်ရှိသူတဦးက ပြောသည်။
ဖြန့်ဝေပေးခဲ့သည့် တနှစ်လေးလတာကာလအတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေး၊ ကာကွယ်ရေးနှင့်ကျန်းမာရေးဆိုင်ရာ ကဏ္ဍများ၌ ရလဒ်ကောင်းများရရှိခဲ့သည်ဟု ZNET တာဝန်ရှိသူက ပြောသည်။
လက်တလောတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်အောက်ခံ ဌာနဆိုင်ရာများ ၊ ကျန်းမာရေး၊ ပြည်သူ့ရဲနှင့် ဒေသကာကွယ်ရေးတပ်ရင်းစခန်းများကို အဓိက ဦးစားပေး တပ်ဆင်ထားပြီး ပြည်သူများအား ဝန်ဆောင်မှု ပေးနိုင်ခြင်း မရှိသေးကြောင်းဆိုသည်။
အင်တာနက်မြန်နှုန်း 20Mbps ခန့်ရှိပြီး မြို့နယ်အတွင်း ၃၀ရာခိုင်နှုန်း မှ ၄၀ရာခိုင်နှုန်းအထိ တပ်ဆင်အသုံးပြုနိုင်ပြီဖြစ်ကာ ၂၀၂၄ခုနှစ်အတွင်း ၅၀ရာခိုင်နှုန်း အသုံးပြုနိုင်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ZNET တာဝန်ရှိသူက ဆက်ပြောသည်။
လက်ရှိတွင် မြို့နယ်အတွင်း၌ လျှပ်စစ်မီး၊ အင်တာနက်နှင့် ဆိုင်သော ပစ္စည်းများ ဒေသအတွင်း ဝယ်ယူနိုင်ရေးနှင့် ဘဏ္ဍာရေးပိုင်းတွင် စိန်ခေါ်မှုများရှိနေဆံဟု ZNETကဆိုသည်။အမျိုးသားညီညွတ်ရေးအစိုးရ၊ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ပြုလုပ်နေသည့် Federal Net နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း အလွတ်သဘော ဆွေးနွေးထားကြောင်း သိရသည်။
ထန်တလန်မြို့သည် လူဦးရေ ၁၀,၀၀၀ ခန့်နှင့်နေအိမ် ၂,၀၀၀ ခန့်ရှိသော မြို့ဖြစ်သည်။ စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် ဒေသခံများသည် နီးစပ်ရာကျေးရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဖက်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ ယနေ့အထိ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးပေ။
စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တမြို့လုံးပျက်စီးကာ အင်တာနက် ဆက်သွယ်ရေး ပြတ်တောက်ခဲ့သည်မှာ နှစ်နှစ်ကျော်ရှိပြီဟု သိရသည်။
လက်ရှိအချိန်တွင် ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများက မြို့များနှင့် စခန်းအချို့ကို သိမ်းဆည်းထားနိုင်သည့် အခြေအနေများရှိသော်လည်း လာမည့် သုံး၊လေးနှစ်အတွင်း ဖုန်း ၊ အင်တာနက် ဆက်သွယ်ရေးများ ပြန်လည်ရရှိနိုင်ရန် ကြိုတင်အာမခံရန် ခက်ခဲသောကြောင့် ကြားကာလ ဆက်သွယ်ရေးအတွက် ဦးစားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။အေးချမ်း