မတူပီမြို့နယ်၌ ၁ ပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ ၃ဦး CDF ထံခိုလှုံ

By ပါခွီး(မဇ္စျိမ)
03 December 2023
မတူပီမြို့နယ်၌ ၁ ပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ ၃ဦး CDF ထံခိုလှုံ

ချင်းပြည်နယ် ၊ မတူပီမြို့နယ်၌ တပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးနှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့  လာရောက်ခိုလှုံခဲ့ကြောင်း ချင်းလဲန်းကာကွယ် ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi ထံက သိရသည်။

မတူပီမြို့ ခရိုင်ရုံးတွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သား အောင်မိုးသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် CDF – Matupi တပ်ရင်း(၂) ထံသို့ လက်နက်မဲ့ ဝင်ရောက်လာခဲ့ကြောင်း CDF – Matupi က  ဒီဇင်ဘာ၂ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“သေနတ်ပါလာရင် ဆုငွေချီးမြှင့်ပေးတယ် ။ ပါမလာရင်လည်း နွေးထွေးစွာကြိုဆိုပြီး လုံခြုံတဲ့လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးပါတယ်” ဟု CDF – Matupi တပ်ရင်း(၂) တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

အမှုထမ်းသက် ငါးနှစ်ရှိပြီဖြစ်သော အဆိုပါတပ်သားသည် အာဏာရှင်စနစ် အောက်တွင်ဆက်လက်၍ တာဝန်မထမ်းဆောင်လိုတော့သဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး တပ်အတွင်း၌ လက်နက်နှင့်ထွက်ပြေးမည်စိုးသောကြောင့် သေနတ်များ ပေးမကိုင်ဘဲ သိမ်းထားကြောင်း ပြောပြသည်ဟု ဆိုသည်။

မတူပီမြို့ပေါ် မြို့မရဲစခန်းမှ တပ်ကြပ် ဦးရန်ရှင်းအောင်သည် နိုဝင်ဘာ ၃၀ရက်နေ့က မိသားစုနှင့်အတူ G3သေနတ်တလက် ၊ ကျည်ဘောက်နှစ်ခု၊  ကျည်ဆန် ၁၀၄ တောင့်တို့ဖြင့် ခိုလှုံလာရာ CDF – Matupi က ငွေကျပ် ၅,၀၀၀,၀၀၀(သိန်းငါးဆယ်) ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ မတူပီမြို့ရဲစခန်းမှ ရဲတပ်သား မိုးကန့်သည် G3 တလက် ၊ ကျည်ဘောက် နှစ်ခု ၊ ကျည်ဆန် ၁၀၀တောင့်နှင့်အတူ မိသားစုများပါခေါ်ဆောင်လာပြီး နိုဝင်ဘာ ၂၇ရက် နေ့တွင် ခိုလှုံလာရာ ငွေကျပ် ၆,၀၀၀,၀၀၀(သိန်းခြောက်ဆယ်) ချီးမြှင့်ခဲ့ကြောင်း CDF – Matupi တပ်ရင်း(၂) ထံက သိရသည်။

စစ်ကောင်စီလက်အောက်ရှိ လက်နက်ကိုင်များအနေဖြင့် အချိန်မနှောင်းခင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ အမြန်ပူးပေါင်း ခိုလှုံကြရန်နှင့် ပြည်သူများအနေဖြင့် ဖြစ်ပျက်နေသောနိုင်ငံရေးအခြေအနေအရ အမြဲသတိဖြင့် နေထိုင်ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာလအတွင်း မတူပီမြို့နယ်၌ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့ကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁ရက်နေ့က မတူပီ - မင်းတပ် လမ်းပေါ်ရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦး အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly