ခေတ်ပြောင်း စနစ်ပြောင်းဖို့ လူ့အဖွဲ့အစည်းအုတ်မြစ်ပြောင်းဖို့လိုအပ် ( ဆောင်းပါး)

By ဒေါက်တာ စိုင်းလတ်
03 December 2023
ခေတ်ပြောင်း စနစ်ပြောင်းဖို့ လူ့အဖွဲ့အစည်းအုတ်မြစ်ပြောင်းဖို့လိုအပ် ( ဆောင်းပါး)

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တာ သုံးနှစ်နီးပါးရှိလာတာနဲ့အမျှ စစ်ကောင်စီဟာ ပြိုလဲတော့မလိုအနေအထားဖြစ်လာနေပါတယ်။ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းက  စစ်ဆင်ရေး ၁၀၂၇ ကြောင့်အတော် ယိမ်းယိုင်သွားခဲ့ပြီဖြစ်တယ်။
အဲ့ဒီမတိုင်မီကတည်းက တော်လှန်ရေးရဲ့ အောင်မြင်မှု တချို့ရှိခဲ့ပါတယ်။ အဲ့ဒါတွေကတော့ တပါတီတစုတဖွဲ့အနိုင်ရရေးမဟုတ်ဘဲ တိုင်းပြည်အနာဂတ်သစ်ထူထောင်ဖို့ ဘုံနားလည်မှု၊ စစ်အာဏာရှင်အပါအာဏာရှင်စနစ်တိုင်း ချုပ်ငြိမ်းဖို့၊ ဖိနှိပ်တဲ့ ဓလေ့တွေကိုပါ တော်လှန်ပြောင်းလဲဖို့၊ ဘာသာလူမျိုးနဲ့ ကျား-မတန်းတူရေးအတွက် အမြင်ပြောင်းလာတာ စတာတွေဖြစ်တယ်။ သို့သော် ဒါတွေဟာ အနာဂတ်အတွက်
မလုံလောက်ပါဘူး။ ဘာကြောင့်ပါလဲ။
ပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်အရ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘတဝန်းမှာ တော်လှန်ရေးလှုပ်ရှားမှုပေါင်း ၉၀ ထက်မနည်းရှိခဲ့တယ်။ ဒါပေမဲ့ လှုပ်ရှားမှု အများစုဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲမသွားခဲ့ပါဘူး။ တချို့နိုင်ငံတွေမှာ
အာဏာရှင်အစိုးရဟောင်းပြုတ်ကျသွားပေမဲ့ နောက်တက်လာတဲ့အစိုးရက အာဏာရှင်အသစ်ပြန်ဖြစ်သွားတယ်။ တချို့နိုင်ငံတွေမှာတော့ တော်လှန်ရေး အောင်မြင်တော့မလိုလိုနဲ့လမ်းခုလတ်မှာ အာဏာရှင်အစိုးရ အသာစီးပြန်ရသွားတယ်။
ဘာကြောင့် ဒီတော်လှန်ရေးလှုပ်ရှားမှုတွေ မအောင်မြင်ကြသလဲ ဆိုတာနဲ့ပတ်သက်ပြီး သူတို့ခေတ်မှာတော်လှန်ရေးသမားဟောင်းတွေဖြစ်ပြီး အခုအခါ နိုင်ငံရေးသိပ္ပံနဲ့ စိတ်ပညာရပ်ပိုင်းရှုထောင့်ကနေ လေ့လာနေတဲ့ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေဟာ မြန်မာနွေဦးအတွက်သင်ခန်းစာယူစရာတွေဖြစ်ပါတယ်။ သူတို့အများစုအဆိုအရ တော်လှန်ရေးလှုပ်ရှားမှုအများစုဟာ အစိုးရပြောင်းလဲဖို့ကိုသာ အာရုံစိုက်ခဲ့ကြပြီးလူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်တွေကို မပြောင်းလဲနိုင်ခဲ့တဲ့အတွက်
အာဏာရှင်စနစ် ချုပ်ငြိမ်းမသွားတာဖြစ်တယ်လို့ ဆိုတယ်။ ပြည်သူ့အစိုးရလို့ ခေါင်းစဥ်ဘယ်လောက်တပ်တပ် အစိုးရသစ်ဟာ စနစ်ဟောင်း နည်းလမ်းအဟောင်းတွေနဲ့သာ ဆက်ပြီးအုပ်ချုပ်ရသလိုဖြစ်သွားကြတယ်။
အဲ့ဒီ လူ့အဖွဲ့အစည်းအခြေခံအုတ်မြစ်တွေဆိုတာ ဘာတွေပါလဲ။

ပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက်တွေကို ခေါင်းစဥ်ကြီးအောက် ပြန်စုလိုက်မယ်ဆိုရင် အကြောင်းအရာသုံးခု ရှိပါတယ်။
(၁) စီးပွားရေးနဲ့ လူထုရဲ့ လူမှုဖူလုံငြိမ်းချမ်းရေး

လူအများစုဟာ နိုင်ငံရေး နဲ့ စီးပွားရေးကို ခွဲပြီး ကြည့်ကြတယ်။ တော်လှန်ရေးကာလအတွင်းမှာနိုင်ငံရေးလို့နားလည်တဲ့ အစိုးရ၊ အုပ်ချုပ်ရေးစနစ်၊ စီမံခန့်ခွဲရေး၊ အာဏာပါဝါစတာတွေကို ဦးစားပေးပြီးစီးပွားရေးကို လျစ်လျူရှုတတ်ကြတယ်။ ဒါကြောင့် အနာဂတ်စီးပွားရေးစနစ်သစ်ကို ကြိုတင်ပြင်ဆင်ဖို့ပျက်ကွက်သွားကြတယ်။ Alternative စနစ်သစ်ကို မစဥ်းစား မပြင်ဆင်ထားသလို အမြင်နဲ့ဗျူဟာတွေလည်း မရှိတဲ့အတွက် အစိုးရဟောင်း ပြုတ်ကျတဲ့အခါ စီးပွားရေးနဲ့ ပတ်သက်ပြီးဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်း လင်းလင်းမရှိဘူး။ ဒါကြောင့် လူဟောင်းတွေ (ဒါမှမဟုတ်) သူတို့နဲ့ နီးစပ်တဲ့လူတွေရဲ့ လက်ထဲ စီးပွားရေးကို ထိုးအပ်လိုက်ရတယ်။
အဲ့ဒီလူဟောင်းတွေက ဓနအင်အားကိုသုံးပြီး သူတို့ပါဝါပြန်တည်ဆောက်ခွင့်ရသွားတယ်။ လူနည်းစု၊ ဖိနှိပ်ခံလူတန်းစားနဲ့ ထိရှလွယ်လူမှုအသိုင်းအဝိုင်းကို အမြတ်ထုတ်တဲ့ အရင်းရှင်စီးပွားရေးစနစ်ကိုပြုပြင်ပြောင်းလဲမှု မလုပ်တာရယ်၊ လူထုရဲ့ လူမှုဖူလုံငြိမ်းချမ်းရေးကိုရှေးရှုတဲ့ စီးပွားရေးစနစ်သစ်မထူထောင်နိုင်တာကြောင့် ဆင်းရဲ-ချမ်းသာနှုန်း ပိုမြင့်လာတယ်။ မတည်ငြိမ်တဲ့ နိုင်ငံရေးအခင်းအကျင်းမှာချမ်းသာတဲ့လူက ပိုချမ်းသာလာတယ်။ ဖိနှိပ်ခံတွေက ဆက်ပြီး ဖိနှိပ်ခံရသလို ဆင်းရဲတဲ့ လူတွေက
ဆက်ပြီးဆင်းရဲနေရခြင်းဖြစ်တယ်။ နိုင်ငံရေးနဲ့ စစ်ရေးဒဏ်ခံရတဲ့ လူတွေအတွက် လူမှုဖုံလုံရေးအစီအမံတွေ မရှိတဲ့အတွက် နိုင်ငံရေးအပြောင်းအလဲဆိုတာဟာ လူများစုရဲ့ အကျိုးစီးပွားကိုရှေးရှုတဲ့အပြောင်းအလဲမဟုတ်ဘဲ ဓနရှင်၊ စစ်တပ်နဲ့ အစိုးရသစ်တို့ရဲ့ ကိုင်းကျွန်းမှီ-ကျွန်းကိုင်းမှီအာဏာရှင်လူ့အဖွဲ့အစည်း အခင်းအကျင်းသစ်သာ ဖြစ်သွားပါတယ်။

(၂) လူ့အဖွဲ့အစည်းဖြစ်တည်မှု

ဒုတိယတချက်ကတော့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းဖြစ်တည်မှုပါ။ မြန်မာပြည်အရေးနဲ့ ချိတ်ပြီးဆွေးနွေးရမယ်ဆိုရင် မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြန်လည်ဆန်းစစ်ရမဲ့အကြောင်းအရာတခုကမြန်မာ့လူ့အဖွဲ့အ စည်းရဲ့ အခြေခံဖြစ်တည်မှုဖြစ်တယ်။ တနည်းပြောရရင် - မြန်မာနိုင်ငံဆိုတဲ့အရာကဘာလဲ။ ပြည်ထောင်စုဆိုတာဘာလဲ။ အဲ့ဒီနိုင်ငံရဲ့ လူ (ပြည်သူ) ဆိုတာ ဘယ်သူတွေလဲ။ ပြည်သူနဲ့နိုင်ငံတော်/အစိုးရ ချိတ်ဆက်မှုက ဘယ်လိုလဲ။ အစိုးရရဲ့ တာဝန်တွေက ဘာလဲ စတဲ့ မေးခွန်းတွေကို အခြေခံကျကျ ပြန်ဆန်းစစ်ရပါမယ်။

အထူးသဖြင့် လူမျိုးစွဲ ဘာသာစွဲပြဿနာကို နက်နက်နဲနဲ ဆန်းစစ်ပြုပြင်ရပါမယ်။ ဒီပြည်ထောင်စုကိုပင်လုံစာချုပ်အရ တန်းတူညီမျှမှုနဲ့ ထူထောင်ခဲ့တယ်ပေမဲ့ စစ်အာဏာရှင်လက်အောက် နှစ်ပေါင်း ၈၀ နီးပါးနေလာပြီးတဲ့နောက် အရာအားလုံးဟာ လူမျိုးစွဲဘာသာစွဲဖြစ်သွားတယ်။ အကောင်းဘက်ကလူမျိုးဘာသာစွဲတာမဟုတ်ဘဲ ခွဲခြားဖိနှိပ်မှုစဥ်းစားချက် (exclusionary thinking) နဲ့ စွဲတာဖြစ်တယ်။
တနည်းပြောရမယ်ဆိုရင် လူ့အဖွဲ့အ စည်းရဲ့ အခြေခံက ဖိနှိပ်ခွဲခြားဆက်ဆံတဲ့ Racist ဖြစ်သလိုလူတွေကလည်း အရာရာကို Racist လူမျိုးစွဲဘာသာစွဲနဲ့ပဲ စဥ်းစားတတ်တော့တယ်။
ဒီအရှိတရားကို ဖက်ဒရယ် ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဆက်စပ်သုံးသပ်ကြည့်တဲ့အခါ ဖက်ဒရယ်အင်အားစုတွေပြောနေတဲ့ တန်းတူရေး၊ အားလုံးပါဝင်ရေး၊ မျှတရေးတို့ဟာ စကားလုံးလှလှထက် ပိုပြီးလက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး။ ဖိနှိပ်ခွဲခြားမှု လူမျိုးစွဲဘာသာစွဲ Racism ဟာ တန်းတူရေး၊အားလုံးပါဝင်ရေး၊ မျှတရေး စတာတွေကို ကြိုတင် ဖျက်ဆီးထားပြီးဖြစ်ပါတယ်။
စိတ်ပညာရှင်တွေရဲ့ အဆိုအရ Racism ဆိုတာ သူတပါးကို ကိုယ်ထိလက်ရောက်ခွဲခြားဖိနှိပ်တာချည်းမဟုတ်ပါဘူး။ မသိစိတ်မှာစွဲကပ်နေတဲ့အတွက် Racism ကို ဆန့်ကျင်တဲ့လူတွေမှာတောင် Racismရှိနေတတ်တယ်။ ဒါကြောင့် သူတို့ ဆန္ဒ၊ ဆုံးဖြတ်ချက်၊ စဥ်းစားချက်နဲ့ လုပ်ဆောင်မှုတွေမှာ သူတို့တောင်သတိမပြုမိတဲ့ ခွဲခြား/ဖိနှိပ်မှုတွေဖြစ်နေစေတယ်။
ဒါကြောင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ပီပြင်ဖို့နဲ့ လူမျိုးဘာသာ မီးပတ်လည်ဝိုင်းနေတဲ့ တိုင်းပြည်မဖြစ်ဖို့ဆိုရင် Racism ပြဿနာကို ဘက်ပေါင်းစုံကနေ လေ့လာစမ်းစစ် ပြီး အဲ့ဒီ Racism လူမျိုးစွဲဘာသာစွဲအခြေပြုလူ့အဖွဲ့အစည်းဖြစ်တည်မှုကို အခြေခံကနေ ပြုပြင်ပြောင်းလဲရပါမယ်။

(၃) စိတ်ပိုင်းဆိုင်ရာနှင့် အာဏာရှင်ဓလေ့စရိုက်
တတိယတချက်ကတော့ စိတ်ပိုင်းဆိုင်ရာ (Psychology) နဲ့ ဓလေ့စရိုက်ဖြစ်တယ်။ ကျနော်တို့ မကြာခဏကြားရတဲ့စကားတခွန်းရှိပါတယ်။ အဲ့ဒါကတော့ အပြောင်းအလဲဖြစ်ဖို့ လူတွေရဲ့ Mindsetပြောင်းဖို့လိုတယ်ဆိုတာပါဘဲ။ဒါပေမဲ့ ဘယ်လို ပြောင်းမယ်ဆိုတာ ခဏထား။ စိတ်ဆိုတာဘာလဲ၊ အဲ့ဒီ Mindsetဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ အခြေခံကို မြန်မာလူ့အဖွဲ့အစည်းက လုံလုံလောက်လောက်နားမလည်ကြတဲ့အတွက် လူ့အဖွဲ့အစည်းရဲ့ စုပေါင်းစိတ် (group psychology) နဲ့ ခေါင်းဆောင်တွေရဲ့စိတ်ကို ပြောင်းလဲဖို့ ခက်ခဲနေတာဖြစ်တယ်။

စိတ်ပိုင်းဆိုင်ရာချည်းမဟုတ်၊ ဓလေ့စရိုက်ကိုပါ ပြောင်းလဲဖို့လိုပါတယ်။ မြန်မာလူ့အဖွဲ့အစည်းဟာမျိုးဆက်အလိုက် စစ်အာဏာရှင်စနစ်အောက်မှာနေလာကြတဲ့အတွက် စစ်တပ်မှာမှချည်းအာဏာရှင်ဓလေ့စရိုက် ရှိတာမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းမှာလည်း အမြစ်တွယ်နေတယ်။
ဆိုလိုတာက မိသားစု၊ ကျောင်း၊ ဘာသာရေးအသိုင်းအဝိုင်း၊ လူမှုအသိုင်းအဝိုင်း၊ ရုပ်ရှင်အနုပညာစတာတွေဟာ တိုင်းပြည်ရဲ့ အုတ်ဘလောက် (Micro-unit) တွေဖြစ်တယ်။ အဲ့ဒီ Micro-unit တွေရဲ့ နေ့တဓူဝလည်ပတ်မှုတွေမှာ အာဏာရှင်ဓလေ့စရိုက်တွေ အရိုးစွဲနေတယ်။ ဥပမာ ဦးဆောင်သူနဲ့-နောက်လိုက်ဆက်ဆံရေး၊ စည်းကမ်းတင်းကျပ်မှု၊ ငါနဲ့မတူ ငါ့ရန်သူ၊ မတူကွဲပြားလက်မခံမှု၊လူမျိုးဘာသာအယူသီးမှု၊ ဖိုဝါဒီ ကြီးစိုးမှု၊ မိမိစံနှုန်းနှင့် မကိုက်ညီပါက လက်မခံနိုင်မှုစသဖြင့်။
ဒီ Micro-unit တွေဟာ အာဏာရှင်ဓလေ့စရိုက်တွေကို လက်ဆင့်ကမ်းသင်ကြားပေးနေတဲ့အတွက်လူတွေဟာ အရွယ်ရောက်လို့ လုပ်ငန်းခွင်၊ နိုင်ငံရေးပါတီ၊ အစိုးရ၊ စစ်တပ်ထဲရောက်တဲ့အခါ အာဏာရှင်လိုဆက်ပြီး ပြုမူကြခြင်းဖြစ်တယ်။ စဥ်းစားပုံ၊ လုပ်ကိုင်ပုံ၊ အထက်အရာရှိ-အောက်ဝန်ထမ်းတွေနဲ့ ဆက်ဆံပုံ၊
စည်းကမ်းကိုင်တွယ်ပုံ၊ အာဏာကျင့်သုံးပုံ၊ အခွင့်အရေး/အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်ပုံ
စတာတွေဟာ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေ သွားဖြစ်နေတယ်။ ဒါကြောင့် စစ်အာဏာရှင်ကို
တော်လှန်နေပါတယ်ဆိုတဲ့အဖွဲ့အစည်းတွေမှာတောင် အာဏာရှင်ပေါက်စတွေ ပေါ်လာခြင်းဖြစ်တယ်။
ဒါကြောင့် မြန်မာနွေဦးဟာ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့ဆိုရင် စစ်ကောင်စီပြုတ်ကျရုံ၊
အရပ်သားအစိုးရသစ်တက်လာရုံနဲ့ မလုံလောက်ပါဘူး။ စနစ်ပြောင်းဖို့ဆိုပြီး ကြေညာချက်တွေထုတ်၊
ဆွေးနွေးနေရုံနဲ့ချည်း မရပါဘူး။
လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်တွေကိုပါ ပြုပြင်ပြောင်းလဲ တော်လှန်ဖို့လိုပါတယ်။ တခြားနိုင်ငံတွေက
ပေးတဲ့ သင်ခန်းစာတွေအရ အဲ့ဒီ အခြေခံအုတ်မြစ်တွေက လူမှု-စီးပွားရေးစနစ်၊ လူ့အဖွဲ့အစည်းဖြစ်တည်မှုနဲ့
လူထုရဲ့ အာဏာရှင်ဓလေ့, စိတ်နေစိတ်ထားတွေပဲဖြစ်ပါတယ်။

(ဒေါက်တာ စိုင်းလတ်သည် နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်သည်။ လက်ရှိတွင်
ကမ္ဘာတဝန်းတော်လှန်ရေးလှုပ်ရှားမှုများနှင့် မြန်မာ့နွေဦးအပေါ် အိမ်နီးချင်းနိုင်ငံများ၏ တုံ့ပြန်မှုများကို
စောင့်ကြည့်လေ့လာလျက်ရှိသည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly