ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေချိန် မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်တဦးသည် ၎င်း၏ မိသားစုဝင်များကို ခေါ်ဆောင်ပြီးချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ( CDF- Matupi) ထံံ လာရောက်ပူးပေါင်းခဲ့သည်။
လက်နက်နှင့် အတူ အလင်းဝင်လာသော ထိုရဲတပ်ကြပ်နှင့် ၎င်း၏ မိသားစုများအား ငွေကြပ် သိန်း၅၀ ချီးမြင့်ခဲ့သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ( CDF- Matupi) တာဝန်ရှိသူက ဒီဇင်ဘာလ ၂ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။
“နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကျွန်တော်တို့ဆီကို ဆက်သွယ်အလင်းဝင်လာတာပါ၊ သူတို့မိသားစုကတော့ လူခြုံနေပါပြီ၊”ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
မတူပီမြို့မရဲစခန်းမှ ပြည််သူနှင့်အတူ ပူးပေါင်းလာသော ရဲတပ်ကြပ်သည် G-3 သေနတ်တလက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ ၁၀၄ တောင့်ကိုယူဆောင်လာပြီး မိသားစုပါ ခေါ်ဆောင်လာကာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီထံ နိုဝင်ဘာလ ၃၀ ရက်တွင် လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပြည်သူနှင့်အတူ ပူးပေါင်းလာသော ရဲတပ်ကြပ် မိသားစုကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီမှ ဆုငွေ ကျပ်သိန်း ၅၀ အား ချီးမြင့်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်များနှင့် ရဲသားများအနေဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီနှင့် အမြန်ဆုံးပူးပေါင်းပေးပါရန် နောက်ဆုံးအကြိမ် ဖိတ်ခေါ်တိုက်တွန်းထားသည်။
၂၀၂၃ ခုနှစ်အတွင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီထံသို့ ပူးပေါင်းလာသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၁၀ဦးရှိပြီဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူထံက သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် မတူပီ-မင်းတပ်လမ်းက စစ်တပ် ကာကင်းကုန်စခန်းအား ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတဦး အပါအဝင် ခုနစ်ဦးကျဆုံးပြီး လက်နက်များလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်