ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

By ကိုခင်မောင်(မဇ္စျိမ)
29 November 2023
ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

ချင်းပြည်နယ်၊  မတူပီမြို့နယ် ရေဇွာမြို့စစ်ကောင်စီစခန်းကို ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၉နာရီခွဲအချိန်တွင် ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။

ရေဇွာမြို့အခြေစိုက် စစ်ကောင်စီစစ်စခန်းကို ချင်းအမျိုးသားတပ်မတော် ( CNA) ၊ CDF-Mara၊ CDF-Lautu ၊ CDF-Zotung ၊ CDF-Zophei ၊ CDF- Senthang တို့က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စစ်ဆင်ရေးစတင်ကာ တိုက်ခိုက်ခဲ့ပြီး ယနေ့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမအားပြောသည်။

“ ရေဇွာစစ်ကောင်စီတပ်စခန်းကို ကျွန်တော်တို့ CNA ဦးဆောင်မှုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့နဲ့ ဝင်စီးတော့ မနက် ၉နာရီ ခွဲမှာအပြီးသိမ်းလိုက်တယ်။ သိမ်းလိုက်တယ်ဆိုတဲ့နေရာမှာ သူတို့ ၂၅ ယောက်ကို ကျွန်တော်တို့ဖမ်းဆီးထားတာ၊ သူတို့ရဲ့ လက်နက်တွေကို အကုန်လုံးသိမ်းတယ်။ အခုကျွန်တော်တို့ဘက်က ဒဏ်ရာရရှိမှုသေဆုံးမှု အနည်းငယ် ရှိတယ်။ အခုက တိုက်လေယာဥ်က တိုက်ခိုက်မှုပြန်လုပ်နေတယ်ပေါ့ ။ အဓိက ကတော့ ကျွန်တော်တို့ဘက်ကနေ သိမ်းသွားနိုင်ခဲ့ပြီပေါ့နော်..သတင်းအသေးစိတ်ကတော့ မသိရသေးဘူး။” ဟု ဆလိုင်းထက်နီက မဇ္စျိမကို ပြောသည်။

ရေဇွာမြို့စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၅ဦးသည် လက်နက်ချအညံ့ခံခဲ့ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆလိုင်းထက်နီက ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ ရဲဘော်သုံးဦး အသက်ပေးသွားခဲ့ကြပြီး ချင်းအမျိုးသားတပ်မတော် (CNA) တွင်လည်း ရဲဘော် တဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း ၎င်းက ဆိုသည်။

ရေဇွာမြို့ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဆလိုင်းထက်နီထံမှ သိရသည်။

လက်ရှိတွင် ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့၊ လိုင်လင်းပီမြို့၊ ရေဇွာမြို့တို့ကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီး စုစုပေါင်း တိုက်ခိုက်သိမ်းပိုက်ရရှိထားသော မြို့ ခုနစ်မြို့ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly