မစုပုံချစ် ဟာ ဘဝကို သူများနဲ့မတူ အထူးတလည် ရဲရင့်ကြံ့ခိုင်စွာ ဖြတ်သန်းနိုင်အောင် ကြိုးစားနေသူ ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်သူ မစုပုံချစ်ဟာ ဘယ်ခြေတဖက် မသန်စွမ်းသူ ဖြစ်တဲ့အပြင် လက်နှစ်ဖက်လည်း မရှိသူဖြစ်ပါတယ်။ ဒါကြောင့်မို့ ညာခြေတဖက်တည်းနဲ့ပဲ ဘဝကို ရင်ဆိုင်ကျော်လွှားဖြတ်သန်းနေသူလို့ ဆိုရမှာပါ။
ဒီလို အများနဲ့မတူ မသန်စွမ်းသူဖြစ်သည့်တိုင် သြစတေးလျနိုင်ငံက ပေးအပ်တဲ့ ပညာသင်ဆုကို ရအောင် ယူနိုင်ခဲ့ပါတယ်။ မူဝါဒပိုင်းဆိုင်ရာ မဟာတန်းကိုလည်း တစ်နှစ်ခွဲကြာ တက်ရောက်ခဲ့ပါတယ်။ ပြီးတော့ သူဟာ ပညာထူးချွန်သူဖြစ်တဲ့အပြင် ဘဝတူ မသန်းစွမ်းသူအားလုံးအတွက်လည်း စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးနိုင်သူအဖြစ်နဲ့လည်း ထင်ရှားသူဖြစ်ပါတယ်။
မစုပုံချစ်ဟာ ပညာရေးထူးချွန်သူတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားခဲ့ရသလဲ။ သူ့ဘဝက ဘယ်လိုအခြေအနေရှိသလဲ။ ဘဝရဲ့အခက်အခဲတွေကို သူ ဘယ်လိုဖြတ်သန်းခဲ့ရသလဲ။ ဒီအကြောင်းတွေကို မစုပုံချစ်က အခုလို စတင်ရှင်းပြပါတယ်။
“သြစတေးလျကို ညီမသွားတာက ၂၀၁၃ ဖေဖော်ဝါရီ ၂၀ မှာသွားတာပေါ့နော်။ ညီမကျောင်းက The University of New South Wales. Sydney မှာပဲ UNSW ပေါ့။ အဲဒီကနေ ညီမ Master of Policy study ပြီးခဲ့တာပါ။ သြစတေးလျကပြန်လာတာ ဇူလိုင်၂၀ ရက်နေ့ ၂၀၁၄ ပေါ့ မနှစ်က ဇူလိုင် ၂၀မှာ ပြန်ရောက်တယ်။ ပြန်ရောက်ပြီးတော့ ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ ကြို့ကုန်းမှာ Master of Engineer IT ပေါ့နော် IT ကိုတက်နေတာ အပြီးမှာ ညီမနိင်ငံခြားထွက်သွားတယ်။ ထွက်သွားပြီတော့ညီမ ပြန်လာတော့ ပြန်တက်မယ်ပေါ့ ဒုတိယအကျော့ပေါ့။ အဲဒီ ဒုတိယအကျော့က ဒီဇင်ဘာတစ်ရက်နေ့မှဖွင့်မှာ အဲဒီတော့ဒီဇင်ဘာ တစ်ရက်နေ့က စတက်တယ်ပေါ့။ စတက်ပြီးတော့ အခုစာမေးပွဲဖြေ ပြီးတော့ အခု Thesis စောင့်တယ်ပေါ့။”
ပညာရဲရင့်ပွဲလယ်တင့်ဆိုတဲ့အတိုင်း ပညာရေးဟာ သူမအတွက်အထူးအရေးပါတဲ့ အရာပါ။ ပညာရေးနဲ့ပတ်သြက်ပီး သူဘယ်လိုသဘောထားသလဲဆိုတာကိုလည်း အခုလို ပြောပြပါတယ်။
“ပညာရေးကို အရမ်းအလေးထားတယ် ဘာဖြစ်လို့လဲဆိုတော့ ညီမတို့လူငယ်ပဲဖြစ်ဖြစ် မသန်စွမ်းပဲ ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ပညာကဦးဆောင်တယ်။ ဘယ်လောက်ပဲ ပညာအသုံးချခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ အနည်းဆုံးတော့ ကိုယ့်မှာ knowledge လေးရှိထားတယ်ဆိုရင် ဘာဘဲဖြစ်ဖြစ်ကိုယ့်အတွက် ဆင်ခြင်တုံတရားရှိတာပေါ့ အဲလိုဆိုတော့ ညီမအတွက်ပညာက ပထမအရေးအကြီးဆုံးပဲ ညီမဘဝမှာပေါ့နော်”
မိမိရဲ့ဘဝအခြေအနေနဲ့လိုက်ဖက်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်ကို သေချာစဉ်းစားရွေးချယ်ခဲ့သူ သူမဟာ သူမရဲ့အိမ်မက်တွေကို အဆင့်ဆင့်အကောင်အထည်ဖော်လာနိုင်ခဲ့ပါပြီ။ ဒီအပိုင်းမှာလည်း သူမ ဘယ်လို အဆင့်ဆင့် ကျော်လွှားလာခဲ့ရသလဲ။
“ညီမလေးငယ်ငယ်လေးကတည်းက ၇ တန်း လောက်ကတည်းက အင်တာဗျူးတွေဖြေရင်း ဘာဖြစ်ချင်လဲဆိုတော့ ကွန်ပျူတာပညာရှင်ဖြစ်ချင်တယ်ပေါ့။ ညီမအမြဲတမ်း ပြောခဲ့ တယ်။ ဟိုးငယ်ငယ်လေးက ညီမတွေးတာ ညီမအတွက်က အမြဲတမ်းနောက်တစ်ခေတ်ပေါ့နော် ဒီ Future အကုန်လုံးက ကွန်ပျူတာကပဲ ညီမအတွက်အသင့်တော်ဆုံးဖြစ်မယ်ပေါ့။ အဲတော့ညီမ ကွန်ပျူတာ ပညာရှင်ဖြစ်ချင်တယ်။ ကွန်ပျူတာနဲ့ပဲ ညီမ သုံးနိုင် သုံးလို့ရမယ်ဆိုတာသိတယ်။ ပြီးတော့ညီမ ကွန်ပျူတာ တက္ကသိုလ် နဲ့ ဒီဘက်က အင်ဂျင်နီယာ နဲ့ အဲဒီနှစ်ခုကို ရွေးရတာပေါ့ ညီမက စိတ်ဝင်စားတာ ဒီအင်ဂျင်နီယာ ပိုသန်တာပေါ့နော် အဲ့ဒါကြောင့် အင်ဂျင်နီယာကပဲ IT ကိုယူလိုက်တာ”
တကယ်တော့ ဒီကြိုးစားမှုတွေဟာ သူမတစ်ယောက်တည်းသာဆိုရင်လည်း သိပ်မလွယ်ကူလှပါဘူး။ ဒါဆို ဒီအခြေအနေထိ ရောက်လာအောင် ဘယ်သူတွေက အဓိက ပံ့ပိုးပေးခဲ့တာပါလဲ။
“အမေတို့က ဒီလိုမလုပ် ပေးခဲ့ဘူးဆိုလို့ရှိရင် ဒီအခြေအနေထိရောက်လာမှာမဟုတ်ဘူးပေါ့နော်။ သူတို့တွေကလည်း ဒီလိုမျိုးဖြစ်နိုင်တယ် ဆိုပြီးတော့ မျှော်မှန်းပြီးလုပ်ပေးခဲ့တာ မဟုတ်ဘူးပေါ့နော်။ ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်အောင်လို့ လုပ်ပေးခဲ့တာ အဲလိုမျိုး သူတို့မျှော်မှန်းထားတာထက် ပိုပြီးတော့ ဖြစ်သွားတဲ့အတွက် သူတို့လည်း အရမ်း ဝမ်းသာတယ်”
သူမကိုယ်တိုင်လျှောက်လှမ်းခဲ့တဲ့ ပညာရေးလမ်းကြောင်းပေါ်ကို မောင်ညီမလေးတွေလည်းပဲ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့ကလည်း သူမရဲ့ တာဝန်တွေပဲလို့ မစုပုံချစ်ကခံယူထားပြန်ပါတယ်။
“ညီမက မနှစ်ကဆိုရင် ညီမလုပ်နိုင်မှာမဟုတ်ဘူး။ ညီမမောင်လေးက ၉တန်း ဒီနှစ်ဆို ၉တန်း အဲတော့ဒီနှစ်ကြတော့ ညီမဘော်ဒါပို့လိုက်တယ်။ ဘော်ဒါရောက်သွားပြီပေါ့နော်။ ဘော်ဒါကလည်း သူ့အတွက်ကောင်းတယ်ပေါ့နော်။ နောက်ပြီးတော့ ဘော်ဒါကလည်း ဒီအတိုင်းဆို မသွားနိုင်ဘူး ပိုက်ဆံဈေးအရမ်းကြီးတော့ သူ scholar ရသွားတယ်ပေါ့နော်။ scholar ရတော့ ဒီစားစရိတ်ပဲ ပေးရတော့ သူ့အတွက်လည်း အဆင်ပြေသွားတယ်။ ကိုယ် သူ့ကိုနည်းနည်းကြည့်စရာမလိုတော့ဘူး။ ကြည့်စရာမလိုတော့ဘူးဆိုပေမယ့် ညောင်တုန်းမှာ ညီမတစ်ယောက် ကျန်ခဲ့တယ် ၁၀တန်း။ သူ့အတွက်လည်းအချိန်ကို နည်းနည်းလေးယူနေရတယ်။ ၁၀တန်းကျတော့ ဒီအတိုင်းလွှတ်လို့ မရဘူးလေ သူ့ဟာသူ Guide တွေ ရှိတာ ရပေမယ့် နင်ဘာလုပ်နေလဲ နင်ဘာကျက်နေလဲ ငါ့ကိုဒါဆိုပြ နင်ဒါကျက်လိုက် အဲဒီလို ညီမ ၁၂နာရီထိလောက် ညီမလုပ်ပေးရတယ်”
အခုဆိုရင်တော့ ပညာတွေလည်းဆက်သင်ရင်းနဲ့ အလုပ်ခွင်အတွေအကြုံတွေလည်းသူမရယူနေပါပြီ။
“အလုပ်စ လုပ်တယ် ဆိုတာထက် အလုပ်သင်စလုပ်တာပေါ့နော်။ ဒီပေါင်းကူးမှာ ညီမ intern ဆင်းတာပေါ့ အရင်ဆုံးပထမ သုံးလစဆင်းမှာပေါ့နော် အခုတော့ နှစ်ပတ်လောက်ရှိပြီ အလုပ်က လုပ်တော့လုပ်ချင်နေတာ့ ကြာပြီပေါ့နော် intern အရင်ဆုံးစဆင်းတာ ဘာဖြစ်လို့လဲဆိုတော့ ညီမမှာ အလုပ်နဲ့ ပက်သက်တဲ့ experience မရှိဘူးပေါ့နော် အဲဒီအတွက်ကြောင့် experience ယူချင်တယ်။ အဲဒီအချိန်မှာ ညီမတို့ alumni တွေနဲ့တွေ့တော့ ညီမအလုပ် နည်းနည်းလေး intern စဆင်းကြည့်ချင်တယ်ဆိုတော့ ဆင်းလို့ရပါ့မလားလို့ အရင်ဆုံးစိတ်ပူတာပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ မသန်စွမ်းတွေအတွက်က အခွင့်အရေးကနည်းနေတာကိုး။ ဒီအလုပ်နဲပက်သက်ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းနည်းနေတော့ ရပါ့မလားစဉ်းစားတော့ သမီးအစ်ကိုတွေက alumni ကအကိုတွေက အားပေးတယ်။ နင်လုပ်ကြည့်ပါလား နင်လုပ်လို့ရနေတာပဲ နင်လည်းဟိုမှာ သင်လာတာနည်းလာတာမဟုတ်ဘူး နင်လုပ်ကြည့်ပါလား သမီး ဘာအလုပ်မှ မလုပ်ဖူးဘူးလို့ပြောတာ အဲဒါဆိုရတယ်ဆိုပြီးတော့ ဒီဆရာကျော်သူတို့ ဆက်ပေးပြီးတော့ ဒီမှာတစ်ပတ်အတွင်းမှာ အလုပ်ဆင်းသလိုဖြစ်သွားတာပေါ့နော်။ မေလမကုန်ခင်မှာပဲ ဆင်းလိုက်တာ အလုပ် တစ်ပတ်ကို ၃ရက်နဲ့ပေါ့။ အဲလို intend စဆင်းတယ်”
နိုင်ငံတကာအတွေ့အကြုံတွေလည်းရလာပြီဖြစ်တာကြောင့် သူမရဲ့အမြင်တွေလဲ ပွင့်လာသလို သူမနဲ့ ဘဝတူ အခြားသော သူတွေ ပညာသင်ကြားရာမှာလဲ အခက်အခဲမရှိစေချင်တာက စုပုံချစ်ရဲ့ စေတနာတွေပါ။
“အဲဒီမှာကျတော့မူဝါဒဟာ တိတိကျကျ သေသေချာချာ ရှိပြီးသားပေါ့နော်။ မသန်စွမ်းကျောင်းသားတစ်ယောက် ဘာလုပ်ပေးမလဲ ဘာအခွင့်အရေးရှိတယ် ဘာလုပ်ပေးမယ် ဘာလုပ်ပေးမယ်ဆိုပြီး သူ့ဟာသူ step by step တစ်ခါတည်းရှိပြီးသား။ သူ့မူဝါဒအပိုင်းကခိုင်မာပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ဦးချင်း individual လိုတာတွေလည်းရှိတယ်။ ဒါပေမယ့် မသန်စွမ်းဖြစ်ပြီဆိုတာနဲ့ အားလုံးကိုသူတို့ရဲ့ ဒီမူဝါဒနဲ့လုပ်သွားပေးတယ်။ အားလုံးကတစ်ယောက်ချင်းစီသွားပြီးတော့ တောင်းဆိုစရာမလိုဘူး။ ကျောင်းသားတစ်ယောက် University ဝင်လာတယ်ဆိုတာနဲ့ မသန်စွမ်းဆိုတာနဲ့ သူတို့မှာ အထူးဌာနပေါ့နော် disability unit ဆိုတာရှိတယ်။ အဲဒီမှာ သူတို့ရဲ့ consultant ဆိုတာတွေ့ရတယ်။ သွားတွေ့ပြီးရင် ညီမရဲ့ခုံနံပါတ်နဲ့ ကျောင်းဝင်အမှတ်နဲ့ ကျောင်းသားနံပါတ်နဲ့ အစိုးရ ID နဲ့ ဒီဘက်က disability ID နဲ့ တစ်ခါတည်း register လုပ်လိုက်တယ်။ လုပ်ပြီးရင် အဲဒီမှာ သူက detail ဖောင်တွေရှိတယ်။ ဘာဖြစ်တာ physical လား မွေးရာပါလား ထိခိုက်လို့လား hearing လား တစ်ခါတည်းသူတို့မှာ အကုန်ဖြည့်ရတယ်။ ကိုယ်ကျောင်းတက်ရင် ကိုယ့်အတွက်စာသင်ခန်းထဲမှာ ဒီမှတ်စုရေးပေးဖို့ လူလိုတာလား ဒါမှမဟုတ်ရင် အသံသွင်းဖို့ recorder လိုတာလား တစ်ချို့အမြင်အာရုံသမားတွေအတွက်ကြတော့ ကွန်ပျူတာကို စပယ်ရှယ်လုပ်ပေးထားတဲ့ ကွန်ပျူတာတွေရှိတယ်လေ။ အဲဒါမျိုးလိုချင်တာလား အဲလိုမျိုးပေါ့နော် လိုအပ်တဲ့ဟာကို အကုန်လုံး ဖြည့်လို့ရတယ်။ ပြီးရင်သူတို့က မသန်စွမ်းဖြစ်ပြီဆိုတာနဲ့ သူတို့ရဲ့မူကရှိပြီးသား ဘာလဲဆိုတော့ စာမေးပွဲဆိုရင်သူများထက် extension assignment ဆိုရင်သူများထက် extension တစ်ပတ်တိုးပေးတယ် သမီးတို့ ဒီတစ်ပတ်သောကြာနေ့မှာပေးရမယ်ဆိုရင် disability နောက်တစ်ပတ်သောကြာ တစ်ပတ် extension ပေးတယ်။ ဒါကဘယ် disability people တိုင်းမဆိုနော် ပြီးရင်စာမေးပွဲ ဖြေချိန်ကိုလည်း နာရီဝက် အမြဲတမ်းတိုးပေးထားတယ်။ ဘယ်သူမဆို သူ့ဟာသူ ယူယူမယူယူ သူရဲ့ဖောင်ထဲမှာကတည်းက အော်တိုပါပြီးသားပေါ့နော် ကိုယ့်ဟာကိုလုပ်ယူစရာမလိုဘူး။ အဲလိုမျိုးတွေ တစ်ခါတည်း လုပ်ပေးထားတယ်”
အခုဆိုရင် အိမ်မက်တွေလည်းတစ်ပိုင်းတစ်စ အကောင်အထည်ပေါ်လာနေပါပြီ။ အခက်အခဲတွေရှိနေတဲ့ ကြားကပင် သူမကတော့ ဆက်လက်ပြီးတော့ ကြိုးစားနေဦးမှာပါပဲ။
“ညီမဖြစ်စေချင်တာက ညီမတစ်ယောက်တည်းတင်မကဘူး ညီမလို မသန်စွမ်းတွေပဲဖြစ်ဖြစ် ညီမလို ကလေးတွေပဲ ဖြစ်ဖြစ် အကုန်လုံးအတွက်ကို တပြေးညီ မှုဝါဒရှိစေချင်တယ်။ အဲဒါကျတော့ ဘယ်သူမှထပ်ပြီး တောင်းဆိုစရာ မလိုဘူးပေါ့နော်။ မိဘက supporting မပေးနိုင်ရင်တောင် သူ့အတွက်က မိဘထပ်ပြီးတော့ extra suproting ထပ်မလိုဘဲနဲ့ သူ့ရဲ့ဒီပေါ်လစီမှာ ဒီမူဝါဒထဲမှာရှိနေတာ သူသွားလို့ရသွားပြီဆိုတော့ ဘယ်လောက် အဆင်ပြေလိုက်မလဲ အဲလိုမျိုးဖြစ်စေချင်တာ”