ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ကြည်း၊ ရေ၊ လေ သုံးပြီး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေရဲ့ ငွေကြေးတွေကို အဓမ္မယူဆောင်သွားခဲ့တယ်လို့ လွတ်မြောက်လာတဲ့ ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။
တမြို့လုံးစာကို ခြုံပြီး ပြောဖို့ခက်ခဲနေဆဲဖြစ်ပေမယ့် သူ့ပိုင်ဆိုင်မှုတွေအပါအဝင် သိန်းထောင်နဲ့ချီကို စစ်ကောင်စီတပ်တွေကို ယူဆောင်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးရှောင်တဦးက ပြောပြပါတယ်။
သူကတော့ လောကထိပ်ပန်ဘုရားထဲမှာ ပိတ်မိခဲ့သူတွေထဲက တဦးဖြစ်ပြီးတော့ နိုဝင်ဘာလ ၂၁ရက်နေ့မှာ ရက္ခိုင့်တပ်တော်ရဲ့လာရောက်ကယ်ထုတ်ပေးမှုကြောင့် ပြင်ပကိုရောက်ရှိခဲ့သူ တဦးလည်းဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတိုက်ပွဲတွေဖြစ်ပွားနေတဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က စပြီးတော့ ဒေသခံတွေက ဘုရားဝင်းအတွင်းမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။
ဒီထဲမှာလူဦးရေ ၁၂၀ လောက်ပိတ်မိနေခဲ့တာဖြစ်ပြီး စစ်ကောင်စီက အစားအသောက် ကျွေးမွေးတာ ဆေးကုပေးတာတွေရှိပေမယ့် ပြင်ပက လူတွေနဲ့ အဆက်အသွယ်တွေဖြတ်တောက်ထားခဲ့တယ်လို့ သူကပြောပါတယ်။
သတင်း၊ ရုပ်သံ တည်းဖြတ်-မိုးသောက်