ချင်းပြည်နယ်တွင် ပထမဆုံးလွတ်မြောက်သည့် ရိဒ်ခေါဒါရ်မြို့တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်မည်ဟုဆို

By ပါခွီး(မဇ္စျိမ)
23 November 2023
ချင်းပြည်နယ်တွင် ပထမဆုံးလွတ်မြောက်သည့် ရိဒ်ခေါဒါရ်မြို့တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်မည်ဟုဆို

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း ပထမဦးဆုံး လွတ်မြောက်ခဲ့သည့် မြို့ဖြစ်၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စတင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က နိုဝင်ဘာလ ၂၂ရက်နေ့တွင် ထုတ်ပြန်သည်။

လူထုလုံခြုံရေး ၊ ဒေသတည်ငြိမ်ရေးနှင့် အမှတ်(၂) အိန္ဒိယ-မြန်မာကုန်သွယ်မှုအဆင်ပြေစေရေးကို ရှေ့ရှုလျက် ဒေသခံများကိုယ်တိုင် ဖော်ဆောင်သည့် ရိဒ်ခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို CNF နှင့်အတူ Hualngoram People Organization (HPO)တို့က ပူးတွဲအကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

“ကျနော်တို့ဒေသမှာ ပြည်သူတွေက မြို့မိ ၊ မြို့ဖနဲ့ လေးစားတဲ့သူတွေကနေတဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ခဲ့ပြီးသားပါ ၊ အခုမှ အသစ်ဖွဲ့တာမဟုတ်ပါဘူး ၊မြို့မသိမ်းခင်ကတည်းကရှိပြီးသား အဖွဲ့က ဆက်တာဝန်ယူသွားမှာပါ ၊ CNF ကနေ ကျနော်တို့ကို ဝိုင်းအားဖြည့်ပေးမဲ့ သဘောပါ” ဟု HPO အထွေထွေအတွင်းရေးမှူး ဂျွန်ရိုဗာ က မဇ္စျိမကိုပြောသည်။

စစ်အာဏာသိမ်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများမရှိတော့သည့်အတွက် ယင်းနေရာအစားထိုးရန် တော်လှန်ရေးအဖွဲ့ဘက်တော်သားများနှင့် မြို့ရှိလေးစားအပ်သူများမှတဆင့် ရွေးချယ်ထားသည့် အုပ်ချုပ်ရေးအဖွဲ့မှလျှို့ဝှက်စွာဖြင့် ရပ်ရွာအရေးကိစ္စများကို ခက်ခဲစွာယခုအချိန်ထိ ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

အုပ်ချုပ်ရေးလုပ်ငန်း အသေးစိတ်အခြေအနေများကို ပြောပြချိန် စောနေသေးကြောင်း HPO အတွင်းရေးမှူးက ဆက်ပြောသည်။

ရိဒ်ခေါဒါရ်မြို့သည် အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေသဖြင့် ပြည်သူ့လုံခြုံရေး ၊ ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အထူးလိုအပ်ကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရိဒ်ခေါဒါရ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှစ်ခုကို CNA ၊ CDF – Zanniatram ၊ People Defence Army (PDA) ၊ CDF – Thantlang နှင့် ဒေသအခြေစိုက် CDF – Hualngoram ပူးပေါင်းတပ်ဖွဲ့များမှ နိုဝင်ဘာလ ၁၃ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲကြောင့် တိမ်းရှောင်သွားခဲ့ရသည့် ဒေသခံပြည်သူများ လုံခြုံချောမွေ့ စွာ ပြန်လည်ဝင်ရောက်နိုင်ရေး ၊ ပြန်လည်နေရာချထားရေးနှင့် နယ်မြေရှင်းလင်းရေးများကို ပြည်သူလူထုပူးပေါင်းမှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။

မိုင်းအခြေအနေကြောင့် နေရာအချို့ကန့်သတ်ထားသည်မှအပ ပြန်လည်နေထိုင်ကြရန်အသိပေးထားပြီး စစ်ဘေးရှောင်တချို့မှာ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ရှိနိုင်ကြောင်း စိုးရိမ်၍ ပြန်မလာသူ အနည်းငယ်ကျန်ရှိသေးကြောင်း အတွင်းရေးမှူးက ပြောဆိုသည်။

ရိဒ်ခေါရ်ဒါမြို့ လွတ်မြောက်ပြီးနောက် ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များကိုလည်း လွတ်မြောက်ရန်ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ယခုဖော်ဆောင်မည့် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများတွင်လည်း ပြည်သူလူထုမှ ပူးပေါင်းပါဝင်ပေးကြပါရန် ဂျွန်ရိုဗာ က ဖိတ်ခေါ်ထားသည်။

နှစ်ဖက်တိုက်ပွဲအတွင်း အသက်အန္တရာယ်လုံခြုံရေးအတွက် ယာယီစစ်ဘေးရှောင်များ ၊ ဒဏ်ရာရရဲဘော်များနှင့် ပြည်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးသော အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ ၊ မီဇိုရမ်ပြည်နယ်အစိုးရ နှင့်ပြည်သူများ လူမှုရေးအသင်းအဖွဲ့များကို ကျေးဇူးအထူးတင်ရှိကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly