ရန်ကုန်တွင် နိုဝင်ဘာလအတွင်း လူငယ် ၃၀၀ ဝန်းကျင် ဖမ်းဆီးခံရ

By ဂန္ဒမာ(မဇ္ဈိမ)
22 November 2023
ရန်ကုန်တွင် နိုဝင်ဘာလအတွင်း လူငယ် ၃၀၀ ဝန်းကျင် ဖမ်းဆီးခံရ
ပုံအညွှန်း - ရန်ကုန်မြို့တနေရာတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ လူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားပုံ (ပုံဟောင်း)

စစ်ကောင်စီတပ်မှ လူငယ်များကို ပစ်မှတ်ထားသည့် ဖမ်းဆီးမှုဖြစ်စဉ်များ ရန်ကုန်၌ များပြားလာခဲ့ရာ ယခုနိုဝင်ဘာလအတွင်း လူငယ် ၃၀၀ ဝန်းကျင်ခန့် ဖမ််းဆီးခံခဲ့ရကြောင်း Rangoon Scout Network (RSN) ထံမှ သိရသည်။

“ဒါတွေက လူအတိအကျ ဘယ်နှစ်ယောက်ပါသွားပါတယ်ဆိုပြီး ကျွန်တော်တို့ RSN က သတင်းရတဲ့ အရေအတွက်လောက်ကို တွက်ထားတာဗျ။ ကျွန်တော်တို့ သတင်းမရလိုက်တဲ့ အဖမ်းအဆီးတွေအပြင် မှတ်တိုင်မှာ စောင့်နေရင်း ဖမ်းတင်သွားတာတွေ၊ ဘောလုံးကန်နေတဲ့သူတွေကို ဖမ်းခေါ်သွားတာတွေ စတဲ့ အရေအတွက် အတိအကျပြန်မသိရတဲ့ အဖမ်းအဆီးတွေ အများကြီးကို ရှိပါသေးတယ်ဗျ။ ဒါတွေပါ ထည့်ပေါင်းရင်တော့ အတော်ကိုများနေပါပြီဗျ။” ဟု ရန်ကုန်မြို့မြေပြင်ကင်းထောက်ကွန်ယက်(RSN) မှ တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။

အဆိုပါဖမ်းဆီးမှုဖြစ်စဉ်များသည် နိုဝင်ဘာ ဒုတိယပတ်မှစ တရှိန်ထိုးများပြားလာခဲ့ပြီးနောက် ရန်ကုန်တွင် လူငယ်များပျောက်ဆုံးသည့်ဖြစ်စဉ်များလည်း တပြိုင်နက်ဖြစ်ပေါ်ကာ လူမှုကွန်ရက်စာမျက်နှာ ဖေစ့်ဘွတ်ပေါ်တွင် လူပျောက်ကြော်ငြာများကို တွေ့မြင်လာရသည်။

 ထိုကြော်ငြာများမှာ အနည်းအကျဉ်းသာဖြစ်ပြီး မြေပြင်တွင် လူငယ်များပျောက်ဆုံးမှုမှာ တနေ့ထက်တနေ့များပြားလာပြီး နောက်ကွယ်တွင်လည်း စစ်တပ်မှ ဖမ်းဆီးပြီးနောက် ငွေညှစ်တောင်းခံမှုများရှိကြောင်း သိရသည်။

“လတ်တလော လူငယ်တွေပျောက်ဆုံးတာတွေ ဖမ်းဆီးခံရတာတွေကတော့ စစ်ကောင်စီက သူတို့ဖမ်းလာတဲ့လူတွေကို လာရွေးရင် ငွေညှစ်ငွေတောင်းလုပ်မယ်။ လာမရွေးရင်တော့ အဖမ်းခံရတဲ့သူရဲ့ ဘာသတင်းအစအနမှမရတော့ဘူးဗျ။ သူတို့အတွက်ကတော့ ငွေရရင်ရ မရရင် လူအင်အားရတယ်။” ဟု ရန်ကုန်မြို့မြေပြင်ကင်းထောက်ကွန်ရက်(RSN) မှ တာဝန်ရှိသူက ဆက်ပြောသည်။

တော်လှန်ရေးကာလအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီတပ်အနေဖြင့် ဖမ်းဆီးမှုများပြုလုပ်လိုပါက သတင်းအတိအကျရထားသော ဖမ်းဆီးမှုများတွင် အိမ်စီးကားများဖြင့် လိပ်စာအတိအကျလာရောက်ကာ ဖမ်းခေါ်သွားခြင်းမျိုးများ ပြုလုပ်တတ်ပြီး ထိုသို့မဟုတ်ပါက ဧည့်စာရင်းကိုအကြောင်းပြကာ ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်တော့ စစ်ကောင်စီအနေဖြင့် လမ်းသွားလမ်းလာများ၊ ညဘက်အပြင်ရောက်နေသူများ၊ အပြင်တွင် အရက်ဝိုင်းဖွဲ့သောက်စားသူများ၊ ဘောလုံးကန်သောသူများ စသဖြင့် လူငယ်များအား အကြောင်းမဲ့ ဖမ်းဆီးသည့်ဖြစ်စဉ်များပါ ပါဝင်လာသည်။

ဖမ်းဆီးခံရမှုဖြစ်စဉ်များအား အသေးစိတ်သိရှိရရန် မဇ္ဈိမအနေဖြင့် မြေပြင်ရှိ ကင်းထောက်များ၊ မြို့နယ်တင်းသတင်းများ တင်ပေးနေသော သတင်းချန်နယ်လ်များကို ဆက်သွယ်မေးမြန်းသော်လည်း ၎င်းတို့အနေဖြင့် ဖမ်းဆီးခံရမှုသတင်းသာရရှိပြီး တဦးတယောက်ချင်းစီအလိုက် ကိုယ်ရေးအချက်အလက်များ ရရှိရေးနှင့် မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိနိုင်ဖို့မှာ ခက်ခဲကာ ဖမ်းဆီးခံရပြီးနောက် နောက်ဆက်တွဲအခြေအနေများ မသိရှိရသဖြင့် အတည်ပြုရန် မလွယ်ကူကြောင်း ဆိုသည်။

သို့သော် ဖမ်းဆီးခံရသူအချို့မှာ ၎င်း၏ မိသားစု၊ နေအိမ်များမှ သိရှိသဖြင့် နီးစပ်ရာရဲစခန်း၊ စစ်တပ်တို့တွင် ပိုက်ဆံဖြင့် ရွေးထုတ်ကာ လွတ်မြောက်လာသူများလည်းရှိပြီး စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့တို့အနေဖြင့် ငွေညှစ်တောင်းခံရာတွင်လည်း ဖမ်းဆီးခံရသူတဦးကို ငွေ ၂၀၀,၀၀၀ မှ ၁,၀၀၀,၀၀၀ အထိရှိကြောင်း သိရသည်။

ရန်ကုန်၌ ယခုကဲ့သို့ ဖမ်းဆီးမှုများ ပိုစိပ်လာချိန်တွင် စစ်တပ်နှင့်ပတ်သက်ဆက်နွယ်နေသော နေရာများ၊ ညအချိန် အပြင်ထွက်ခြင်းများကို ပြည်သူလူထုအနေဖြင့် ရှောင်ကျဉ်သင့်ကြောင်း Rangoon Scout Network (RSN) အပါအဝင် မြို့နယ်အလိုက် မြေပြင်ကင်းထောက်များက အသိပေးသည်။

Rangoon Scout Network (RSN )သည် ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်သည့် မြေပြင်သတင်းအချက်အလက်များကို ဖော်ပြနေသောအဖွဲ့အစည်းဖြစ်သည်။

RSN သည် NUG ကာကွယ်ရေးဝန်ကြီးဌာနအား သတင်းအချက်အလက်များ ကူညီပံ့ပိုးပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်းကိုလည်း NUG ၏ MOD က ဧပြီလက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly